မြန်မာနှစ်သစ်မှာ မျှော်လင့်ချက်တွေ ပြည့်စေဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး ဆုတောင်း

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်မှာ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ပြီး စည်းလုံးညီညွတ်စွာရှိနေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြေညာချက်ထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ် မတ်လ ၇ ရက်နေ့က Lithuania နိုင်ငံ Vilnius တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကို တွေ့ရစဥ်။ AFP

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်မှာ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ပြီး စည်းလုံးညီညွတ်စွာရှိနေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဧပြီလ ၁၁ ရက် မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

သင်္ကြန်ဆိုတာဟာ ဖြစ်ခဲ့တာကို ဆင်ခြင်သုံးသပ်တဲ့အချိန်ဖြစ်သလို ရောက်လာမယ့်နှစ်သစ်ကို မျှော်ကြည့်ဖို့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ မကြာခင် ကုန်ဆုံးတော့မယ့် ဒီနှစ်မှာဆိုရင် အရပ်သားတွေအပေါ် ကျူးလွန်တဲ့အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို စိတ်မကောင်းစွာ တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စစ်မှုထမ်းဥပဒေကလည်း ပြည်သူတွေကို စိုးရိမ်ပူပန်မှုနဲ့ အခက်အခဲတွေ ပိုဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် အကျပ်အတည်းတွေ အဆုံးသတ်ပြီး အနာဂတ်မြန်မာပြည်မှာ ဒီမိုကရေစီရဖို့ ကြိုးစားနေတဲ့သူအားလုံးကို ဆက်လက် ပံ့ပိုးသွားမယ်လို့ဆိုပါတယ်။

အဲဒီအပြင် စစ်တပ်က အာဏာသိမ်းထားပြီး အရပ်သားတွေကို ဖိနှိပ်တာတွေအပေါ် တာဝန်ခံလာအောင် ကြိုးပမ်းအားထုတ်နေတဲ့ နိုင်ငံတကာရဲ့ အားစိုက်မှုတွေမှာလည်း အမေရိကန်အနေနဲ့ ဆက်ပြီးပါဝင်နေပါတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေဟာလည်း ဆင်းရဲဒုက္ခတွေကို ခါးစည်းခံနေသလို ရဲစွမ်းသတ္တိနဲ့ ခံနိုင်ရည်ရှိတဲ့အကြောင်း အကြိမ်ကြိမ် ပြသခဲ့ကြတယ်လို့ ချီးကျူးထားပါတယ်။

လက်ရှိမှာ ပဋိပက္ခတွေ ရှိနေပေမယ့်လည်း အတာသင်္ကြန်ဆိုတာ နှစ်ဟောင်းကိုဆေးကြောပြီး နှစ်သစ်ကိုကြိုဆိုတယ်ဆိုတဲ့ ကောင်းမွန်တဲ့အတိတ်နိမိတ်အတိုင်း မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြည့်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org