အမေရိကန်သတင်းထောက် ဒန်နီဖန်းစတားကို စစ်ကောင်စီ ပြန်လွှတ်

မြန်မာပြည်မှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်းစတားကို စစ်ကောင်စီက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းရရှိ ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ပြန်လည်လွတ်မြောက်လာသော ဒန်နီဖန်းစတားကို အမေရိကန်သံအမတ်ဟောင်း Bill Richardson နှင့်အတူ တွေ့ရစဉ်။ Photo: Reuters

မြန်မာပြည်မှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်းစတားကို စစ်ကောင်စီက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းရရှိပါတယ်။

ဒန်နီဖန်းစတား (Danny Fenster) ကို အင်းစိန်ထောင်နေ ပြန်လွှတ်ပေးလိုက်ပြီး ဒီနေ့မှာပဲ ပြည်နှင်ဒဏ်ပေး လိုက်တယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

အမေရိကန်သံအမတ်ဟောင်းဖြစ်တဲ့ Bill Richardson ကလည်း သူတို့ စောင့်နေခဲ့တဲ့နေ့ကို ရောက်လာပြီ၊ သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ ဝေဖန်ပြစ်တင်ခံခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ဒန်နီဟာ သူချစ်တဲ့သူတွေဆီ ပြန်ရောက်တော့မယ်လို့ ကြေညာချက်မှာ ရေးထားပါတယ်။

Frontier Myanmar သတင်းဌာနမှာ အလုပ်လုပ်ခဲ့တဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်းစတားကို ပြီးခဲ့တဲ့ မေလက ရန်ကုန်လေဆိပ်မှာ ဖမ်းလိုက်ပြီး မြန်မာနောင်းသတင်းဌာနမှာ အလုပ်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပုဒ်မ ၅ ခုနဲ့ တရားစွဲခဲ့ပါတယ်။ အဲဒီနောက် သူ့ကို နိုဝင်ဘာလ ၁၂ ရက်နေ့က စစ်သားတွေကို ပုန်ကန် လာအောင်ပြုလုပ်မှု ရာဇသတ်ကြီး ပုဒ်မ - ၅၀၅ (က)၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ - ၁၇ (၁) နဲ့ လူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ - ၁၃ (၁) စတဲ့ ပုဒ်မသုံးခုအတွက် စစ်ကောင်စီလက်အောက်ခံ အင်းစိန်ထောင် အထူးတရားရုံးကနေ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ဒန်နီဟာ မြန်မာနောင်းသတင်းဌာနကနေ ၂၀၂၀ ဇူလိုင်လကတည်းက နုတ်ထွက်ပြီး Frontier Myanmar သတင်းဌာနမှာ အလုပ်လုပ်နေခဲ့တာလို့ ဌာနအသီးသီးက ပြောခဲ့ကြပါတယ်။

ဒန်နီဖန်းစတား (Danny Fenster) ကို နိုင်ငံတော် အကြည်ညိုပျက်အောင် ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၁၂၄ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၀ (က) တို့နဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ထပ်တိုးအရေးယူထားပါသေးတယ်။ ဒီအမှုတွေကိုလည်း ဘယ်လိုကျေအေးပေးလိုက်သလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org