မြန်မာအတွက် အမေရိကန်အကူအညီ နိုင်ငံတကာ အန်ဂျီအိုတွေက တစ်ဆင့် ‌ပေးမည်

2021.08.11
မြန်မာအတွက် အမေရိကန်အကူအညီ နိုင်ငံတကာ အန်ဂျီအိုတွေက တစ်ဆင့် ‌ပေးမည် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ။
Photo: Reuters

အမေရိကန်ပြည်ထောင်စုကပေးမယ့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ဒေါ်လာသန်း ၅၀ ကျော်ကို ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အန်ဂျီအိုတွေကတစ်ဆင့် မြန်မာပြည်သူတွေကို တိုက်ရိုက်ပေးအပ်သွားမယ်လို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ပြောလိုက်ပါတယ်။

ဩဂုတ် ၁၁ ရက် ဒီနေ့ နေ့လယ်ပိုင်းက တယ်လီကွန်ဖရင့်စနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်သံအမတ်ကြီး Thomas-Greenfield က အခုလို ပြောခဲ့တာပါ။

မြန်မာနိုင်ငံတွင်းက ဘေးအန္တရာယ် ကြုံတွေ့နေရသူတွေနဲ့ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ၊ ကယ်ဆယ် ကာကွယ်စောင့်ရှောက်ရေး အကူအညီ‌တွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ ဒီရန်ပုံငွေတွေကို ထိုင်း-မြန်မာနယ်စပ်အပါအ၀င် ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ Covid ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် အသုံးပြုမယ်လို့လည်း ပြောပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲ မလုပ်ခင်လေးမှာပဲ နိုင်ငံတကာအန်ဂျီအိုတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်းမှာ အကူအညီတွေပေးဖို့ ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ သံအမတ်ကြီး Thomas-Greenfield က ပြောဆိုသွားပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီနေ့ထုတ်ပြန်ချက် တစ်စောင်မှာတော့… သံအမတ်ကြီး Thomas-Greenfield ဟာ ထိုင်းဒု-ဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး Don Pramudwina နဲ့ ဒီနေ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ဆိုးဝါးလာနေတာနဲ့ ဒေသတွင်းတည်ငြိမ်မှု ထိခိုက်လာနိုင်တဲ့အပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။