ရွေးကောက်ပွဲမတိုင်ခင် ဘာသာရေး ပဋိပက္ခတွေ ရှောင် ရှားဖို့ အမေရိကန် သတိပေး
ရွေးကောက်ပွဲ နီးကပ်လာနေတဲ့ ကာလမှာ ဘာသာရေး တင်းမာမှုတွေ၊ အကြမ်းဖက် ပဋိပက္ခတွေ မပေါ်ပေါက်အောင်ဆောင်ရွက်ဖို့ အမေရိ ကန်ပြည်ထောင်စုက မြန်မာနိုင်ငံအစိုးရကို တိုက်တွန်း လိုက်ပါတယ်။
-
2015-10-20 -
-
-
ရွေးကောက်ပွဲ နီးကပ်လာနေတဲ့ ကာလမှာ ဘာသာရေး တင်းမာမှုတွေ၊ အကြမ်းဖက် ပဋိပက္ခတွေ မပေါ်ပေါက်အောင်ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အစိုးရ ဒုတိယ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘင်ရို့စ် ( Ben Rhodes ) က တိုက်တွန်း ပြောဆိုခဲ့တာပါ။
မစ္စတာ ဘင်ရို့စ် ဟာ မြန်မာနိုင်ငံမှာ လွတ်လပ်မျှတ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် တိုက်တွန်းဖို့၊ မကြာခင်က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ လက်မှတ်ရေး ထိုးခဲ့တဲ့ တစ်နိုင်ငံလုံးအပစ်ရပ်ရေး NCA သဘောတူစာချုပ်ရဲ့ နောက်ဆက်တွဲ တိုးတက်ဖြစ်ထွန်းမှုတွေကို စုံစမ်းလေ့လာဖို့ သမ္မတ အိုဘားမားရဲ့ စေလွှတ်ချက်အရ ရောက်ရှိနေတာဖြစ်ပါတယ်။
သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်အတွင်း မစ္စတာ ဘင်ရို့စ်က ရွေးကောက်ပွဲမတိုင်ခင် ဘာသာရေးပဋိပက္ခတွေ မပေါ်ပေါက်အောင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး တချို့အပြောအဆို အသုံးအနှုန်းတွေဟာ အစွန်းမလွတ်တာတွေ တွေ့နေရပါတယ်၊ အဲဒီလို ပြောဆိုသုံးနှုန်းတာတွေကနေ ဆူပူ အကြမ်းဖက်တာတွေ၊ အဓိကရုဏ်းတွေဆီ ဦးတည်သွားနိုင်ပါတယ်၊ ဒါကြောင့် အစွန်းရောက် ပြောဆိုတာတွေကို အရေးယူဖို့ အရေးတကြီး လိုအပ်ကြောင်း အစိုးရနဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းခဲ့ပါတယ်၊ အခြေခံဥပဒေ မှာ ပြဌာန်းထားတဲ့အတိုင်း ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားရမှာဖြစ်ပြီး၊ အစွန်းရောက်စကားပြောဆိုသူတွေကို အရေးယူရမှာဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုး၇သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်လာအောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဆက်လက်ပြီး လာမယ့်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ရလဒ်ကို အစိုးရအနေနဲ့ အသိအမှတ်မပြုဘူးဆိုရင် ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ပြန်ဆုတ်တယ်လို့ မှတ်ယူရမှာဖြစ်ပြီး၊ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရရဲ့ လက်ရှိသဘောထားကို ပြန်ပြီး သုံးသပ်ရလိမ့်မယ်လို့လည်း မစ္စတာ ဘင်ရို့စ် က ပြောပါတယ်။
အမေရိကန်အစိုးရ ဒုတိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘင်ရို့စ်ဟာ ဒီခရီးစဉ် အတွင်း သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အော်ငဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။