အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ စင်ကာပူနဲ့ထိုင်းမှာ မြန်မာ့အရေး ဆွေးနွေး

အရှေ့တောင်အာရှ သုံးနိုင်ငံခရီးစဉ်အတွင်း စင်ကာပူကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံ‌ခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ မနေ့က တွေ့ဆုံဆွေးနွေးပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet နဲ့စင်ကာပူနိုင်ငံ‌ခြားရေးဝန်ကြီး Vivian Balakrishnan အောက်တိုဘာ ၂ဝ ရက်က တွေ့ဆုံဆွေးနွေးစဥ်။ Photo: Derek Chollet/Twitter

အရှေ့တောင်အာရှ သုံးနိုင်ငံခရီးစဉ်အတွင်း စင်ကာပူကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံ‌ခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ မနေ့က တွေ့ဆုံဆွေးနွေးပါတယ်။

အမေရိကန်-စင်ကာပူဆက်ဆံရေးနဲ့ မြန်မာနိုင်ငံလို ဒေသတွင်းကပေါ်ပေါက်နေတဲ့ ပြဿနာတွေမှာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေဆွေးနွေးတယ်လို့ Derek Chollet က သူ့ twitter လူမှုကွန်ရက်မှာရေးသားထားပါတယ်။ ဒါ့အပြင် ပင်လယ်ရပ်ခြားမှာ စစ်အာဏာပိုင်တွေရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို ကန့်သတ်ဖို့ နည်းလမ်းတွေကို စင်ကာပူဗဟိုဘဏ် ဒု-အုပ်ချုပ်မှုဒါရိုက်တာ Ms. Ho Hern Shin နဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့တယ်လို့လည်း ရေးသားပါတယ်၊

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ ထိုင်းနိုင်ငံကိုလည်း ရောက်ရှိခဲ့ပြီး မြန်မာတွေကို အကူအညီပေးဖို့ ဆွေးနွေးခဲ့ပါတယ်။ Derek Chollet နဲ့ အဖွဲ့ ထိုင်းကို ဒီလ ၁၈ ရက်ကရောက်လာပြီး ၁၉ ရက်နေ့က ပြန်လည်မထွက်ခွာခင် ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ပြီး အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲလည်းဖြစ်တဲ့ Don Pramudwinai နဲ့တွေ့ဆုံခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကတဆင့် မြန်မာတွေကို ကူညီဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ထိုင်းနိုင်ငံက စဉ်းစားသုံးသပ်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Tanee Sangrat က မနေ့က ပြောကြားပါတယ်။

မြန်မာနိုင်ငံအခြေအနေကို ထိုင်းနဲ့ အမေရိကန်တို့ ဆွေးနွေးတဲ့အကြောင်းနဲ့ ထိုင်း-အမေရိကန် ပူးပေါင်းပြီး မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးနိုင်မယ့် အလားအလာကို ဆွေးနွေးတဲ့အကြောင်း မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org