USAID က မြန်မာကို ဒေါ်လာ ၁၄ သန်းဖိုး အကူအညီတွေပေးခဲ့

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ အရပ်ဒေသတွေအပါအဝင် မြန်မာနိုင်ငံအနှံ့က ပြည်သူတွေအတွက် ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၄ သန်းကျော် တန်ဖိုးရှိတဲ့ စားနပ်ရိက္ခာနဲ့ အကူအညီတွေကို လှူဒါန်းခဲ့တယ်လို့ USAID ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၉ ဧပြီ ၄ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/ RFA

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က မြန်မာပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ ၁၄ သန်းကျော် တန်ဖိုးရှိတဲ့ စားနပ်ရိက္ခာတွေကို လှူဒါန်းခဲ့တယ်လို့  USAID ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ အရပ်ဒေသတွေအပါအဝင် နိုင်ငံအနှံ့က ပြည်သူတွေအတွက် ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း  လှူဒါန်းခဲ့တာဖြစ်ပါတယ်။

USAID အနေနဲ့ ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာရုံးကို ဖွဲ့စည်းပြီး ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

အဲဒီရုံးဟာ ဒီနှစ်အတွင်း ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ စားနပ်ရိက္ခာရှားပါးမှုနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူ နှစ်သိန်း ခုနှစ်သောင်းကျော် အတွက် အစားအစာနဲ့ ငွေကြေးတွေကို ထောက်ပံ့ကူညီခဲ့တာဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာရှိတဲ့ စာသင်ကျောင်းပေါင်း ၄၀၀၀ ကျော်က ကျောင်းသားကျောင်းသူ နှစ်သိန်း ကိုးသောင်း အတွက် အားဖြည့် ဘီစကစ်၊ အသက် ငါးနှစ်အောက် ကလေးသူငယ် နှစ်သောင်းနီးပါးနဲ့ ကိုယ်ဝန်ဆောင်၊ နို့တိုက် မိခင် ကိုးထောင်နီးပါးတို့အတွက် အာဟာရမျိုးစုံကို ကမ္ဘာ့ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာအစီအစဉ် WFP ကနေတဆင့် လှူဒါန်းခဲ့တယ်လို့ ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ချက်မှာ ပါရှိတယ်။

WFP က တစ်ဆင့်ပေးအပ်တဲ့ အကူအညီတွေအပြင် အလွန်အမင်းအာဟာရ ပြတ်လတ်နေတဲ့ ရခိုင်ပြည်နယ်က အသက် ငါးနှစ်အောက် ကလေးသူငယ် ၉၀၀၀ လောက် နဲ့ ရန်ကုန်မြို့အတွင်း ဆင်းရဲနွမ်းပါးတဲ့နေရာတွေက ကလေး ၁၀၀၀ ကျော်အတွက် အဆင်သင့်စားသုံးနိုင်တဲ့ ကျန်းမာရေးအထောက်အကူပြု အစားအစာ မက်ထရစ်တန်ချိန် ၁၄၀ အပါအဝင် အဟာရဖြည့်ဆည်းမှု အကူအညီတွေကိုလည်း ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ကတဆင့် လှူဒါန်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုရဲတိုက် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org