မန္တလေးတိုင်း မြို့နယ်တချို့မှာ NLD နဲ့ USDP ပြိုင်ဆိုင်မှုပြင်းထန်

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အများစုအနိုင်ရခဲ့တဲ့ မန္တလေးတိုင်း၊ မိတ္ထီလာ၊ ရမည်းသင်းနဲ့ ပျော်ဘွယ်မြို့နယ်တွေမှာ လက်ရှိအာဏာရပါတီ NLD ကလည်း အလေးထားပြီး မဲဆွယ်စည်းရုံးနေတဲ့အတွက် ပြိုင်ဆိုင်မူပြင်းထန်တဲ့ မဲဆန္ဒနယ်မြေတွေ ဖြစ်လာပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ပါတီတို့ အလံတင်အခမ်းအနားကို ၂၀၂၀ စက်တင်ဘာလအတွင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့စဉ်

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အများစုအနိုင်ရခဲ့တဲ့ မန္တလေးတိုင်း၊ မိတ္ထီလာ၊ ရမည်းသင်းနဲ့ ပျော်ဘွယ်မြို့နယ်တွေမှာ လက်ရှိအာဏာရပါတီ NLD ကလည်း အလေးထားပြီး မဲဆွယ်စည်းရုံးနေတဲ့အတွက် ပြိုင်ဆိုင်မူပြင်းထန်တဲ့ မဲဆန္ဒနယ်မြေတွေ ဖြစ်လာပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ NLD ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာပါ မိတ္ထီလာ၊ ရမည်းသင်းနဲ့ ပျော်ဘွယ်မြို့နယ်တွေမှာ မဲဆန္ဒနယ်မြေ အများစုကို အနိုင်ရခဲ့တဲ့အတွက်၊ အဲဒီနယ်မြေတွေဟာ USDP အားကောင်းတဲ့ နယ်မြေတွေဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာတော့ အာဏာရပါတီ NLD အဲဒီနယ်မြေတွေမှာ ပြန်လည်အနိုင် ရဖို့ အလေးထားပြင်ဆင်နေတဲ့ ပုံစံကိုတွေ့ရပြီး၊ ဒေသခံပြည်သူတွေ အသိများတဲ့ ထောက်ခံတယ်လို့ ယူဆရတဲ့ ကိုယ်စားလှယ်လောင်းတွေကို ဦးစားပေးရွေးချယ်ခဲ့ပါတယ်။

မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ် ၃ ခုအနက် မိတ္ထီလာမြို့နယ်ဟာ တပ်မတော် လေတပ်စခန်းရှိတဲ့အတွက် တပ်မြို့နယ်အဖြစ် လူသိများပါတယ်။

မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ဆက်လက်ရွေးကောက်ခံမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမောင်သင်းက ဒီတစ်ကြိမ်မှာလည်း ပြန်အနိုင်ရဖို့ အပြည့်အဝ ယုံကြည်တယ်လို့ ပြောပါတယ်။

“ဒီလွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာပေါ့နော် ကျေးရွာဖွံ့ဖြိုးရေးအတွက် လွှတ်တော်မှာရော၊ လွှတ်တော်ပြင်ပမှာရော ဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းမှတ်ရာက ရှိပြီးသားလေ၊ ဟိုဘက်က တစ်ဖက်ကတော့ လုံး၀ လေးယောက် စလုံးက လူသစ်လေ၊ လူသစ်ဆိုတဲ့အခါကျတော့ ဟို အဲလိုလေးတွေတော့ ရှိပါတယ်။ ပထမတစ်ကြိမ် ကျတော်တို့ လုပ်ခဲ့တဲ့ အားသာချက်လေးတွေကြောင့်ပေါ့၊ လုံးဝယုံကြည်ချက် ရှိပါတယ် ဒီပွဲကြီးမှာ”

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မိတ္ထီလာမြို့နယ် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေသာမက တိုင်းဒေသကြီး လွှတ်တော် ၂ နေရာစလုံးမှာပါ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မိတ္ထီလာမြို့ဟာ ၂၀၁၃ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခအတွင်း လူအသေ အပျောက်ရှိခဲ့သလို ဖမ်းဆီးအရေးယူခံရသူတွေ၊ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သူတွေ အများအပြားရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိတ္ထီလာမြို့ပေါ်မှာ USDP ပါတီ မဲဆွယ်စည်းရုံးရာမှာ သာသနာ့အလံ ကိုင်ဆောင်တဲ့ သူတွေပါဝင်တယ်လို့ စွပ်စွဲချက်တွေရှိခဲ့တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ မောင်သင်း ကတော့ အဲဒီကိစ္စဟာ ပါတီကို လာရောက်ဝန်းရံကြတဲ့ လူငယ်တွေထဲက တစ်ဦး၊ နှစ်ဦးက ကိုင်ဆောင်လာတာ ဖြစ်ပြီး ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်တာ လုံးဝမရှိဘူးလို့ ပြန်လည်ချေပတယ်။

NLD ပါတီကကတော့ မိတ္ထီလာမြို့နယ်မှာ USDP ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ မောင်သင်းနဲ့ ယှဉ်ပြိုင်ဖို့ ပါမောက္ခချုပ်ဟောင်းတစ်ဦးဖြစ်သူ ဒေါက်တာဆင့်စိုးကို ရွေးချယ်ခဲ့ပါတယ်။

NLD ပါတီ မိတ္ထီလာခရိုင်အတွင်းရေးမှူး၊ မန္တလေးတိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီအဖွဲ့ဝင် ဦးသက်မောင်မောင်က ၂၀၁၅ ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့ရတဲ့ အားနည်းချက်တွေကို ပြင်ဆင်ထားပြီးဖြစ်တဲ့ အတွက် ဒီတစ်ကြိမ် အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“၂၀၁၅ ရဲ့ အားနည်းချက်တွေကိုတော့ ကျတော်တု့ိ ၂၀၂၀ မှာ ပြင်ထားပါတယ်။ အဓိကကတော့ မြို့မိ၊ မြို့ဖ ဝန်းရံအားကတော့ ကျတော့်တို့အတွက်ကတော့ အားတစ်ခုပေါ့ဗျာ။ မြို့မိ၊ မြို့ဖ ဝန်းရံအားက တော်တော်အား ကောင်းလာတဲ့အတွက်ကြောင့် ပါတီကို ဝန်းရံပေးတယ်၊ လိုအပ်တာတွေကို မြို့မိ၊ မြို့ဖက လုပ်ပေးတယ်ပေါ့၊ အဲဒီအတွက်ကြောင့် ၂၀၁၅ တုန်းက ရှိနေတဲ့ အခက်အခဲအားလုံးက တော်တော်များများပြေလည်ပါပြီ။ နောက်ပြီးတော့ ကျတော်တို့ဘက်က ပြီးခဲ့တဲ့ ၂၀၁၅ မတိုင်ခင်နဲ့ ၂၀၁၅နဲ့ ၂၀၂၀ အတောအတွင်းမှာ ပြည်သူကရွေးချယ်ကြတဲ့ NLD အစိုးရရဲ့ လုပ်ဆောင်ချက်တွေက မိတ္ထီလာမှာ လွှတ်တော်ကိုယ်စားလှယ် မရှိပေမယ့်လည်း ထိရောက်မှုအများကြီးရှိပါတယ်”

မိတ္ထီလာမြို့နယ်နဲ့ သာစည်မြို့နယ်ကြားက ညောင်ကိုင်းကျေးရွာမှာ NLD ပါတီထောက်ခံသူတွေနဲ့ USDP ပါတီ ထောက်ခံသူတွေကြား ရန်ပွဲပဋိပက္ခဖြစ်ပွားပြီး အပြန်အလှန် အမှုဖွင့်တာတွေရှိခဲ့ပါတယ်။

NLD ပါတီကို ထောက်ခံသူတွေထဲက တချို့ဟာ USDP ပါတီ မဲဆွယ်တဲ့အခါ ရန်လိုတဲ့ သဘောထားတွေ ရှိတယ်လို့ စွပ်စွဲချက်တွေရှိသလို၊ NLD ပါတီဘက်ကလည်း USDP ပါတီ ထောက်ခံသူတချို့ဟာ အစွန်းရောက်တဲ့ ရန်လိုတဲ့ သဘောထားတွေရှိတယ်လို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။

ပါတီနှစ်ခုစလုံးရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကတော့ မဲဆွယ်စည်ရေးခရီးစဉ်တွေမှာ ရန်ပွဲပဋိပက္ခတွေ မဖြစ်အောင် ထိန်သိမ်းကြဖို့ ပါတီ၊ ရပ်ကျေးတာဝန်ရှိသူတွေ၊ ထောက်ခံသူတွေကို သတိပေးပြော ဆိုတာတွေ ရှိပါတယ်။

မိတ္ထီလာမြို့နဲ့ အလားတူ မန္တလေးတိုင်းအတွင်းက ရမည်းသင်းနဲ့ ပျော်ဘွယ်မြို့နယ်တွေမှာလည်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အများစု အနိုင်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးခင်အောင်မြင့်ဟာ ပျော်ဘွယ်နဲ့ ရမည်းသင်းမြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရတဲ့ ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေကောက်ပွဲမှာလည်း ထပ်မံရွေးကောက်ခံခဲ့ရပါတယ်။

ဒီတစ်ကြိမ်ရွေးကောက်ပွဲမှာတော့ ဦးခင်အောင်မြင့် အနေနဲ့ ထပ်မံပါဝင်ခြင်း မပြုတော့ဘဲ တခြား USDP ပါတီဝင် ကိုယ်စားလှယ်လောင်းတစ်ဦး ပါဝင်လာပါတယ်။

NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဝင်းက ရွေးကောက်ပွဲမှာ ပြည်သူတွေက အဆုံးအဖြတ်ပေးမှာဖြစ်လို့ ပြောဖို့စောသေးတယ်လို့ ပြောပါတယ်။

“ယုံကြည်ချက်အနေနဲ့ကတော့ ၂၀၁၅ ထက်တော့ နည်းနည်းလေးတော့ အခြေအနေကောင်းပါတယ်၊ အဲလောက်လောက်ပဲ ပြောလို့ရမယ်လေ၊ ဘာလို့လဲဆိုတော့ အဖြေကျတော့ ပြည်သူက ဆုံးဖြတ်ပေးမှာ ဆိုတော့ ပြောဖို့စောသေးတယ်လို့ ထင်တယ်၊ ကျတော်တို့ကတော့ တစ်ရွာကို ရက်ပေါင်း ၆၀ မှာ တစ်ရွာကို လေးကြိမ်ဆင်းပြီး တွေ့တယ်”

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းအေး ကတော့ ပြည်သူတွေထောက်ခံမူအရ USDP ပါတီပဲ ထပ်မံ အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“ကျေးရွာသူ ကျေးရွာသားတွေက ဒီမြို့နယ်အတွင်းကပဲ လာကြတယ်။ သူတို့ကျတော့ မြို့နယ်ပေါင်း လေး၊ ငါး၊ ခြောက်ခုပေါင်းပြီးတော့ လာမှရတဲ့ အနေအထားမျိုးတွေဖြစ်တယ်၊ တကယ်လာပြတဲ့အခါလည်း အဲလိုအနေအထာမျိုးတွေဖြစ်တယ်။ အဲတော့ ကျန်တဲ့မြို့နယ်တွေမှာ လူထုရဲ့ ထင်ယောင်ထင်မှားဖြစ်လာဖို့ ဆောင်ရွက်ချက် တစ်ခုလောက်ပဲ ကိုယ်ကမြင်တယ်၊ တကယ့်တကယ်တော့ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ တကယ်ကို ခံစားနေရတာက သူတို့ ပကတိကြုံတွေ့နေရတဲ့ အခြေအနေအရ ပြည်ခိုင်ဖြိုးကိုပဲ ရွေးချယ်လိမ့်မယ်လို့ ဒီလို ယုံကြည်ပါတယ်ဗျာ”

ပျော်ဘွယ်နဲ့ ရမည်းသင်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးညီညီလွင်ကတော့ ပါတီရဲ့ မူဝါဒတွေအတိုင်း မဲဆွယ်စည်းရုံးရေးတွေလုပ်နေပြီး ပြိုင်ဘက်ပါတီတွေနဲ့ ပတ်သက်လို့ ပြောစရာမရှိဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါတီ ပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၉၆၉ ဦး ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org