တပ်နဲ့ကော်မရှင် ပူးပေါင်းပြီး ရွေးကောက်ပွဲလုပ်ပေးဖို့ USDP တောင်းဆို
နိုဝင်ဘာ ၈ ရက်နေ့က ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုမဖြစ်လို့ USDP က အသိအမှတ်မပြုဘူးလို့ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
-
အောင်သိင်္ခ၊ ဝေယံမိုးမြင့်
2020-11-11 -
-
-
နိုဝင်ဘာ ၈ ရက်နေ့က ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုမဖြစ်လို့ USDP က အသိအမှတ်မပြုဘူးလို့ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လွတ်လပ် တရားမျှတပြီး ဘက်လိုက်မှုကင်းတဲ့ မတရားနည်းလမ်းနဲ့ မဲဆွယ်မှုကင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တပ်မတော်နဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲတစ်ခု အမြန်ဆုံး ပြန်လည် ကျင်းပပေးဖို့ ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်မိုးမိုးအေး က ဒီနေ့ ရန်ကုန်မြို့က သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။
USDP ရဲ့ ဒီတောင်းဆိုချက်နဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က သဘောထား မေးမြန်းရာမှာတော့ ရွေးကောက်ပွဲကိစ္စ ဘာမှတ်ချက်မှ ပေးလို့မရကြောင်း တုံ့ပြန်ပါတယ်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးက ဝေဖန်တာ၊ ဘယ်ပါတီက ဝေဖန်တာတွေ ကျွန်တော်ကိုမမေးပါနဲ့ မပြောဘူး၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မည်သည့်မှတ်ချက်မှ မပေးဘူး၊ ကျွန်တော်တို့ အလုပ်ပဲ ကျွန်တော်တို့လုပ်မယ်”
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲကနေ ပြည်သူ့ဆန္ဒနဲ့အညီ ထွက်ပေါ်လာတဲ့ရလဒ်ကို လက်ခံရမှာဖြစ်တယ်လို့ နေပြည်တော်မှာ မဲပေးတဲ့နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။
နေပြည်တော်မှာ ဒီကနေ့ကျင်းပခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတယ်လို့ ကော်မရှင်ဘက်က ပြောပါတယ်။
တပ်မတော်နဲ့ UEC ပေါင်းပြီး ရွေးကောက်ပွဲ ကျင်းပပေးဖို့ USDP တောင်းဆိုချက်ကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က မှတ်ချက်ပေးစရာမရှိကြောင်း၊ ရွေးကောက်ပွဲပြစ်မှုတွေရှိရင် ဥပဒေအတိုင်း လုပ်ဆောင်သင့်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"ဘာမှပြောစရာမရှိဘူးပေါ့။ ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရွေးကောက်ပွဲပြစ်မှုတွေ ကျူးလွန်သလား အခန်း ၆ မှာ ပြဌာန်းထားတယ်။ ရွေးကောက်ပွဲတရားမျှတမှု မရှိဘူးလား အခန်း ၁၄ မှာ ပြဌာန်းထားတယ်။ ဥပဒေကြောင်းအရပဲ သွားဖို့ပေါ့။ ဥပဒေအရ ပြဌာန်းပြီးသားကို။ ဥပဒေကြောင်းအတိုင်းပဲ သွားဖို့ပဲ ရှိတယ်။"
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်နဲ့ မဲရလဒ်တွေ အပေါ်မှာ အယုံအကြည်မရှိကြောင်းနဲ့ လက်မခံကြောင်းလည်း ဒီနေ့ပွဲမှာ ပြောခဲ့ပါတယ်။
USDP ပါတီရဲ့ စွပ်စွဲချက်တွေထဲမှာ နိုဝင်ဘာ ၈ ရက်နေ့က မဲရုံတာဝန်ကျ ကျောင်းဆရာ၊ ဆရာမတွေနဲ့ မဲရုံတာဝန်ကျတဲ့ လုပ်အားပေးလူငယ်တွေဟာ NLD ထောက်ခံသူတွေဖြစ်တယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။
မဲရုံတာဝန်ကျ ကျောင်းဆရာ၊ ဆရာမတွေဟာ NLD ထောက်ခံသူတွေသာဖြစ်ပြီး ကြားနေ ဆရာ၊ ဆရာမတွေ မဟုတ်ဘူးလို့ USDP ရဲ့ ပြောကြားချက်ဟာ ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသလို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်ကြောင်း၊ ဒီအပေါ်မှာ ဥပဒေအရ ပြန်လည်တုံ့ပြန်သွားမယ်လို့ မြန်မာနိုင်ငံဆရာ/ဆရာမများအဖွဲ့ချုပ်က ဖေစ့်ဘွတ်ခ်ကနေ ကြေညာလိုက်ပါတယ်။
နောက်တစ်ချက်ကတော့ ကော်မရှင်က ကြိုတင်မဲကောက်ယူချိန်တွေမှာ NLD ပါတီက လူအင်အား ငါးယောက်ထက်မနည်း လိုက်ပါခဲ့ပြီး ပါတီဝတ်စုံနဲ့ ပါတီအမှတ်တံဆိပ် တပ်ဆင်တာတွေ ရှိခဲ့တယ်လို့ USDP က စွပ်စွဲထားပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ အထောက်အထားခိုင်လုံစွာ သက်သေနဲ့ ပြောဖို့ဆိုပါတယ်။ USDP ပါတီ တောင်းဆိုတဲ့ ရွေးကောက်ပွဲ ထပ်ကျင်းပပေးဖို့ဆိုတဲ့အချက်က မဖြစ်နိုင်တဲ့ တောင်းဆိုချက်လို့ မုံရွာအောင်ရှင်က ဝေဖန်ပါတယ်။
"ကမ္ဘာ့နိုင်ငံတချို့ကလည်း ကျွန်တော်တို့နိုင်ငံ ရွေးကောက်ပွဲကျင်းပတာ လွတ်လပ်ပြီး တရားမျှတတယ်၊ အောင်မြင်တယ်လို့ အသိအမှတ်ပြုနေကြတဲ့ကာလမှာ သူတို့က ပြန်ပြီးတော့ ကျင်းပပေးဖို့ဆိုတာ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မလဲ၊ ဒီပါတီ တစ်ခုလောက်နဲ့ ရွေးကောက်ပွဲကို ပြန်ပြီးတော့ ကျင်းပလို့ရမလဲ၊ အဓိပ္ပါယ်မရှိတဲ့ တောင်းဆိုချက်ပဲလို့ ကျွန်တော်တော့ ပြောချင်ပါတယ်”
ပြည်သူ့ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းဇေယျာကလည်း အထောက်အထားခိုင်လုံမှုမရှိဘဲ တောင်းဆိုရင် ပါတီပုံရိပ်ကိုပါ ထိခိုက်နိုင်တယ်လို့ ထောက်ပြပါတယ်။
“ပါတီစုံဒီမိုကရေစီ သဘောတရားအရ နိုင်ငံရေးပါတီတွေကို ကြိုက်တဲ့သူရှိမယ် မကြိုက်တဲ့သူရှိမယ် ရှုံးတဲ့သူရှိမယ် နိုင်တဲ့သူရှိမယ်။ ဘယ်လိုစောဒကတက်တက် ဘယ်လိုပဲတောင်းဆိုဆို အကြောင်းတရားပေါ် မူတည်တဲ့အတွက် အကြောင်းတရားမခိုင်လုံဘူးဆိုရင် ပါတီပုံရိပ်ကိုအဖွဲ့စည်း ထိခိုက်နိုင်မယ်။ နောက်ဆုံးအဆုံးအဖြတ် ပေးမှာကတော့ ကော်မရှင်ကပေါ့။ ကော်မရှင်အဆုံးအဖြတ် မှန်ခြင်း၊ မှားခြင်းကို ပြည်သူက ဆုံးဖြတ်ပေးမှာပေါ့”
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ နယူးမြန်မာဖောင်ဒေးရှင်းက ရွေးကောက်ပွဲဆိုင်ရာအကြံပေး ဒေါ်မြနန္ဒာသင်းကလည်း ရွေးကောက်ပွဲပြန်ကျင်းပဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ထောက်ပြပါတယ်။
ရွေးကောက်ပွဲရလဒ်တွေနဲ့ပတ်သက်လို့ မကျေနပ်တာရှိရင် တရားရေးလမ်းကြောင်းကနေ သွားသင့်တယ်လို့ ဒေါ်မြနန္ဒာသင်းက အကြံပြုပါတယ်။
“ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ဆိုတာ မဖြစ်နိုင်တဲ့အကြောင်းအရာတစ်ခုပဲ ရွေးကောက်ပွဲက လုပ်လည်းလုပ်ပြီးသွားပြီ ပြည်သူတွေကလည်း မဲပေးခဲ့ပြီးပြီ။ ပြည်သူ့သဘောထားကို နိုဝင်ဘာ ၈ ရက်နေ့က ပြခဲ့ပြီးပြီလို့ထင်တယ်။ ကျန်တဲ့ကိစ္စတွေ မသမာမှုတွေကိုတော့ တရားရေးလမ်းကြောင်းက သွားရမယ် ဒါက ဘယ်ပါတီမဆို မှတ်ပုံတင်ထားတဲ့ ဘယ်ပါတီမဆို လိုက်နာရမယ့်အခြေခံလို့ ယူဆပါတယ်”
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မိတ်ဖက်ပါတီ ၃၀ ကျော်ဟာ ရွေးကောက်ပွဲမတိုင်ခင် သြဂုတ်လ ၁၄ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို တရားမျှတစွာ မကျင်းပပေးရင် တပ်မတော်က ဝင်ရောက်ထိန်းကြောင်းပေးဖို့ တောင်းဆိုခဲ့တဲ့ဖြစ်ရပ်ရှိခဲ့ပါတယ်။
နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ အနိုင်ရထားတဲ့ USDP ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကလည်း မဲရလဒ်တွေမှာ အငြင်းပွားဖွယ်ရာတွေ များစွာရှိနေတယ်လို့ ဝေဖန်ထားသလို ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ အပြည့်အ၀ မယုံကြည်ကြောင်းလည်း မနေ့က RFA နဲ့ သီးသန့်မေးမြန်းချက်မှာ ပြောထားပါတယ်။
ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ USDP ပါတီ ဝန်းရံသူတချို့နဲ့ သတင်းသမားတွေအကြား အခြေအတင်ဖြစ်ပြီး သတင်းထောက်တွေဘက်က မေးခွန်းမေးမြန်းခွင့်မရလိုက်ဘဲ ရှင်းလင်းပွဲကို ရပ်နားခဲ့ရပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)