NLD အစိုးရလက်ထက်မှာ နိုင်ငံတကာ ဆက်ဆံရေး ကျဆင်းကြောင်း USDP ဝေဖန်
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်မှာ နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့ပေမယ့် လက်ရှိ NLD အစိုးရလက်ထက်မှာ နိုင်ငံတကာဆက်ဆံရေး ကောင်းမလာဘဲ၊ ICJ မှာ တရားစွဲခံရတဲ့ အခြေအနေအထိ ရောက်ခဲ့တယ်လို့ USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဝေဖန်လိုက်ပါတယ်။
-
သီဟထွန်း
2020-10-13 -
-
-
နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက အောက်တိုဘာလ ၁၂ ရက် မနေ့က ရေဆင်း ကျေးရွာမှာ မဲဆွယ်စည်းရုံးစဉ် လက်ရှိ NLD အစိုးရလက်ထက်မှာ နိုင်ငံတကာဆက်ဆံရေး ကျဆင်းကြောင်း ဝေဖန်လိုက်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာက မြန်မာကို ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲထားတဲ့ အခြေအနေကို ထောက်ပြပြီး အစိုးရနှစ်ဆက်ရဲ့ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှု ရှိမရှိကို အကဲဖြတ်နိုင်တယ်လို့ ဦးသန်ဌေးက ပြောပါတယ်။
"ဦးဝဏ္ဏမောင်လွင် သူတစ်ယောက်ထဲနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို တာဝန်ယူတဲ့အချိန်တုန်းက အရှေ့၊ အနောက်အားလုံးနဲ့ သင့်အောင်ပေါင်းပြီးမှ နှစ်ဖက်လုံးက နှစ်ပေါင်းများစွာ မြန်မာနိုင်ငံကို ရန်သူအဖြစ်နဲ့ ဟုတ်လား မှတ်ယူခဲ့တဲ့တိုင်းပြည်က ခေါင်းဆောင်တွေတောင်မှပဲ အကြိမ်ကြိမ် လာရောက်လည်ပတ်ခဲ့တယ်။ ဒီကာလကျတော့ နှစ်ခြမ်းခွဲလိုက်တဲ့ အချိန်ကြတော့ နိုင်ငံတကာဆက်ဆံရေးက တိုးတက်လာသလား၊ ဒါတွေက အရင်ကတည်းက ကျနော်ပြောခဲ့ပြီးပြီ။ အခုသတင်းဌာနတွေ အပြင်ကနေ သတင်းယူနေတယ် ဒါတွေ သူတို့ထုတ်နုတ်ပြီး တင်ချင်လည်း တင်မှာပါပဲ ကိစ္စမရှိဘူး နှစ်ထပ်ရှိရင် မှတ်မိတာပေါ့လေ၊ အဲတော့ ဒီကာလမှာ နိုင်ငံတကာ ဆက်ဆံရေးကောင်းသလား တိုးတက်လာသလားကြည့်ရင် ဒီကာလမှာ တရားစွဲခံရတဲ့ အခြေအနေရောက်နေတယ်။"
NLD အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီစွပ်စွဲချက်ကို ချက်ချင်း ငြင်းပယ်လိုက်ပြီး၊ ICJ ကိစ္စဟာ နိုင်ငံတကာဆက်ဆံရေးနဲ့ လုံးဝမသက်ဆိုင်တဲ့ သီးခြားကိစ္စဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးရဲ့ စွပ်စွဲချက်တွေဟာ မဲဆွယ်တဲ့အခါ သမိုင်းမရှိတဲ့အတွက် NLD အစိုးရအပေါ် အပြစ်ပုံချရုံသက်သက်သာ ဖြစ်တယ်လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
"နိုင်ငံတကာဆက်ဆံရေးမှာ အားနည်းချက်ရှိတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး ဒါသက်သက်မဲ့ စွပ်စွဲချက်ပဲ ဖြစ်တယ်၊ ကနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာပေါ်မှာ ကုလသမဂ္ဂအပါအဝင် တခြားနိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့လည်း ဆက်ဆံရေး အကုန်ကောင်းမွန်နေတာပဲ။ ICJ ဆွဲတာ သက်သက်ပဲ ICJ ဆွဲတာက crimes against humanitarian ဆိုပြီးတော့ ဆွဲတာပါ။ ဒါက တစ်ပိုင်းပါ ဆက်ဆံရေးကြောင့် ဆွဲတာ မဟုတ်ဘူး အဲဒီမှာဖြစ်နေတဲ့ တွေ့ရှိချက်တွေအပေါ် မူတည်ပြီးတော့ တရားဆွဲတာပဲ၊ ဒါပေမဲ့ ကျနော်တို့ ဘက်ကလည်း ခုခံထားတာပဲ ကျတော်တို့က စုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့ ပြောထားတာတွေရှိပါတယ်။ အဲဒီတော့ တစ်ပိုင်းစီပါ ဒါတွေက သက်သက်မဲ့ စွပ်စွဲချက်သာဖြစ်ပါတယ်။ ပုံဖျက်တာပေါ့ဗျာနော် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး အဆင်ပြေလို့ ကျနော်တို့ နိုင်ငံကနေ ဘယ်သူများ သံတမန်တွေ ရုပ်သွားတာ ရှိသလဲ၊ မရှိမှ မရှိဘဲနဲ့ သံတမန်ဆက်ဆံရေးကောင်း နေတာ၊ ICJ က သပ်သပ်ပဲနော် ဒါတွေကတော့ လက်ခံစရာမရှိပါဘူး၊ မဲဆွယ်စရာ သမိုင်းမရှိတဲ့အခါကျတော့ ဒီလိုပြောတာပဲ နေမှာပေါ့လေ။"
ICJ ကိစ္စဟာ အရင်အစိုးရလက်ထက်ကတည်းက စတင်ဖြစ်ပေါ်ခဲ့ပြီး၊ လက်ရှိအစိုးရလက်ထက်မှာ မြေပြင် အခြေအနေ အမျိုးမျိုးကြောင့် ကြီးထွားလာတဲ့အပေါ် NLD အစိုးရက အကောင်းဆုံး တာဝန်ယူ ဖြေရှင်းနေရတာ ဖြစ်တယ်လို့လည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့ ဦးရဲထွဋ် ကတော့ USDP အစိုးရ လက်ထက်မှာ နိုင်ငံတကာနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းလာခဲ့ပေမယ့်၊ လက်ရှိ NLD အစိုးရ လက်ထက်မှာ အထီးကျန်တဲ့ ဘက်ကိုသွားနေပြီး၊ တရုတ်နိုင်ငံကို ပိုပြီးအားကိုးလာရတယ်လို့ ဝေဖန်ပါတယ်။
"ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကတော့ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုများတယ် ဆက်ဆံရေး ပိုကောင်းတာပေါ့ဗျာ၊ အထီးကျန်ဘဝကနေ နိုင်ငံတကာမိသားစုဝင်အဖြစ် ဖြစ်လာခဲ့တာပေါ့၊ အဲဒီတော့ ဒီဘက်မှာကတော့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD အစိုးရလက်ထက်မှာတော့ မြန်မာနိုင်ငံက အထီးကျန်တဲ့ဘက်ကို တဖြည်းဖြည်းနဲ့ ရွှေ့လျားလာတယ်လို့ ကျနော်မြင်တယ်၊ အဲမှာ ဟုတ်လား NLD ဘက်ကတော့ ရခိုင်ကိစ္စဖြစ်လို့ ဘာညာ အကြောင်းပြပေမယ့် ဒီလိုကိစ္စတွေကလည်း ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း ရင်ဆိုင်ခဲ့ရတာပဲလေ၊ ဒါကြောင့်မလို့ ခြုံပြောရရင်တော့ မြန်မာနိုင်ငံဟာ NLDအစိုးရ လက်ထက်မှာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်ရင် အထီးကျန်တဲ့ဘက်ကို ပိုပြီးတော့ ရွေ့လျား လာနေတယ် တရုတ်နိုင်ငံဘက်ကို ပိုပြီးအားကိုးရတဲ့ အခြေအနေကိုရောက်နေတယ်လို့ ကျနော်တော့ မြင်ပါတယ်။ "
ဒီလိုဖြစ်လာရတဲ့ အကြောင်းအရင်းတွေထဲမှာ တိုင်းရင်းသားပါတီတွေ၊ ပြည်တွင်းအင်အားစုတွေ၊ သတင်း မီဒီယာတွေအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာမရှိဘဲ၊ ဘေးဖယ်ထုတ်ခဲ့တဲ့ အချက်လည်းပါဝင်တယ်၊ ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အပြင် နိုင်ငံတကာမှာလည်း အဆိုးမြင်ခံလာရတယ်လို့ ဦးရဲထွဋ်က ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး မုံရွာအောင်ရှင်က အစိုးရတစ်ရပ်ရဲ့ နိုင်ငံတကာဆက်ဆံရေးကို ICJ ကိစ္စတစ်ခုတည်းနဲ့ တိုင်းတာလို့မရဘူးလို့ ပြောပါတယ်။
"သူဘာပေတံနဲ့ တိုင်းသလဲ ဒီ ICJ ကိစ္စလောက်နဲ့ တိုင်းလို့ကတော့ မရဘူး။ ICJ ကိစ္စက သူတို့လက်ထက် ကတည်းက ပေါ်ပေါက်ခဲ့တဲ့ ပြဿနာ ကျနော်တို့က အခုဖြေရှင်းပေးနေရတာ ICJ ကိစ္စကနော်၊ သူတို့ လက်ထက်ကတည်းက မီးမွှေးလာတဲ့ ဘင်္ဂါလီကိစ္စတွေပဲ ကျနော်တို့ကအခု ကိုယ့်လက်ထက်မှာ ကိုယ့်နိုင်ငံသားတွေအတွက် ကိုယ့်တိုင်းပြည်အတွက် ရုန်းကန်ပြီးတော့ ဖြေရှင်းပေးနေရတာ အဲဒါလဲ တစ်ကမ္ဘာလုံးက ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းပေးတဲ့အပေါ်မှာ အားရကျေနပ်မှု ရှိတယ်၊ ဗမာပြည်သူလူထုကလည်း အားရကျေနပ်မှု ရှိနေတာပဲ။ အဲဒါမအောင်မြင်ဘူးလို့ ပြောလို့ရလို့လား ။"
မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးအောင်သူငြိမ်းကတော့ ရခိုင်မြောက်ပိုင်းကိစ္စဟာ နိုင်ငံတကာမှာ အတော်ရိုက်ခတ်မှု ရှိတာကြောင့်၊ လက်ရှိ NLD အစိုးရလက်ထက်မှာ မြန်မာ့ဒီမိုကရေစီရေးကို အမြဲထောက်ခံအားပေးခဲ့တဲ့ အမေရိကန်နဲ့ ဥရောပ ထိပ်တန်းခေါင်းဆောင်တွေ လာရောက်လည်ပတ်တာမျိုး မရှိဘူးလို့ သုံးသပ်ပါတယ်။
"သမ္မတ အိုဘားမားဆိုလို့ရှိရင် မြန်မာပြည်ကို နှစ်ခေါက်ရောက်လာတယ်။ နောက်တစ်ခါကတော့ ပြီးခဲ့တဲ့ ဟီလာရီကတလင်တန် နိုင်ငံခြားရေးဝန်ကြီးဆိုလည်း ရောက်တယ်၊ နိုင်ငံတကာ ခေါင်းဆောင် အတော်တော်များများလည်း ရောက်ပါတယ်။ ရောက်တဲ့အခါကျတော့ အခုအချိန်မှာကျတော့ ပြန်ကြည့်တဲ့ အချိန်မှာ ဒီဘက်အစိုးရခေတ်မှာတော့ အဲဒါတွေကတော်တော်နည်းသွားတဲ့ သဘောမျိုးတွေ့တယ်ဗျ၊ ဒီနိုင်ငံတကာခေါင်းဆောင်ကြီးတွေရောက်တဲ့ အနေအထားတွေပေါ့နော် တော်တော်နည်းသွားပါတယ်။ ဒါပေမဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်လာခဲ့တာတော့ ရှိပါတယ် အဲလိုလေ။ အခုရိုဟင်ဂျာ ပြဿနာပေါ့ဗျာ ရခိုင်ပြည်နယ်မှာ ဖြစ်သွားတဲ့ကိစ္စက နိုင်ငံတကာရေးရာမှာ တော်တော်လေး ရိုက်ခတ်မှုရှိတယ်။ ကျနော်ထင်တယ် နောက် ၂၀၂၀ ရွေးကောက်ပွဲပြီးရင် တက်လာမယ့် အစိုးရတွေမှာလည်း ဒီပြဿနာက ဆက်ပြီး ရင်ဆိုင်ရလိမ့်ဦးမယ်လို့ ထင်ပါတယ်။"
ပြီးခဲ့တဲ့ ၂၀၁၇ နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောဒေသမှာရှိတဲ့ အစိုးရ ရဲကင်းတွေကို ARSA အကြမ်းဖက်အဖွဲ့က ဝင်တိုက်ခဲ့ပြီးတဲ့နောက်မှာ၊ မြန်မာ့တပ်မတော်က ARSA အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းတဲ့အနေနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီလိုလုပ်ဆောင်ရာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေချနေထိုင်တဲ့ လူနည်းစု ရိုဟင်ဂျာမွတ်စလင် တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး အခုနှစ် ၂၀၂၀ ဇန်နဝါရီလကစပြီး နိုင်ငံတကာ တရားရုံး ICJ မှာ ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)