ဥပဒေနဲ့အညီ အာဏာစွန့်ဖို့ အခြေခံဥပဒေကို ရေးဆွဲခဲ့တာလို့ ဦးခင်အောင်မြင့် ပြောကြား

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေး အသင်းက ဦးဆောင်ရေးဆွဲခဲ့တာဖြစ်ပြီး ဥပဒေနဲ့အညီ အာဏာကို စွန့်လွှတ်ဖို့အတွက် ဦးဆောင် ရေးဆွဲခဲ့တာဖြစ် တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က ပြောပါတယ်။

မန္တလေးမြို့ လူထုဟစ်တိုင်ကွင်းမှာ အောက်တိုဘာလ ၂၃ ရကေ်န့က ကျင်းပတဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၂၀ ဦးကို မိတ်ဆက်ပေးတဲ့ အခမ်းအနားမှာ ဦးခင်အောင်မြင့် ကိုတွေ့ရစဉ် Photo: Satt Paing Toe/ RFA

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးအသင်းက ဦးဆောင်ရေးဆွဲခဲ့တာဖြစ်ပြီး ဥပဒေနဲ့အညီအာဏာကို စွန့်လွှတ်ဖို့အတွက် ဦးဆောင် ရေးဆွဲခဲ့တာဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြောပါတယ်။

မန္တလေးခရိုင် ၅ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၂၀ ဦးကို ဒီနေ့ မန္တလေးမြို့ လူထုဟစ်တိုင်ကွင်းမှာ မိတ်ဆက်ပေးခဲ့ တာဖြစ်ပြီး အဲဒီအခမ်းအနားမှာ ဦးခင်အောင်မြင့်က ပြောခဲ့ တာ ဖြစ်ပါတယ်။

"ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်သူရေးဆွဲခဲ့လဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းက ရေးဆွဲခဲ့ တာဖြစ်ပါတယ်၊ ပြုပြင်ပြောင်းလဲရေး အစက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဖြစ်ပါတယ်၊ ဖွဲ့စည်းပုံ အခြေခံ ရေးဆွဲတဲ့ပုဂ္ဂိုလ်များဟာ ကိုယ်ကျိုးစွန့်ဖို့အတွက်ရေးဆွဲခဲ့တာဖြစ်ပါတယ်၊ မိမိတို့ကိုင်စွဲတဲ့အာဏာကို စွန့်လွှတ်ဖို့၊ ဥပဒေနဲ့အညီ စွန့်လွှတ်ဖို့ရေးဆွဲခဲ့တာဖြစ်ပါတယ်၊ မိမိတို့အာဏာရရှိဖို့အတွက် ရေးဆွဲခဲ့တာ မဟုတ်ကြောင်း အတိလင်းပြောကြားလိုပါတယ်"

ဒါ့အပြင် လွှတ်တော်ထဲမှာ တစ်ပါတီအာဏာရှင်စနစ် မဖြစ်ရအောင် ထိန်းကျောင်းဖို့ အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေရ တာဖြစ်ပြီး ဒီမိုကရေစီစနစ် ရင့်ကျက်ချိန်မှာ တဖြည်းဖြည်းလျော့နည်း သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မန္တလေးခရိုင်အတွင်းမှာ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ အောင်မြေသာစံနဲ့ ပြည်ကြီးတံခွန် မြို့နယ်တွေပါဝင်ပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို ဦးခင်အောင်မြင့်က မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ မိတ်ဆက်ပွဲကို ပါတီဝင် လေးထောင်ကျော် တက်ရောက်ခဲ့ပြီး မန္တလေးမြို့အတွင်းမှာ ယာဉ်တန်းတွေနဲ့လည်း လှည့်လည်မဲဆွယ်ခဲ့ကြပါတယ်။

ဦးခင်အောင်မြင့်ဟာ လာမယ့်ရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၈ ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး သူ့မဲဆန္ဒနယ်ထဲမှာ ပျော်ဘွယ်နဲ့ ရမည်းသင်းမြို့နယ်တွေ ပါဝင်ပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ပါတီပေါင်း ၂၀ လောက်နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တွေ စုစုပေါင်း ၄၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ကြ မှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org