ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး ကို ကော်မရှင်ထံတိုင်ကြား
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ မြို့နယ်ကနေ ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုး ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဗိုလ်မှူးကြီး မောင်မောင်ဝင်းဟာ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု မရှိကြောင်း လေးမျက်နှာမြို့နယ် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားလိုက်ပါတယ်။
-
2015-10-08 -
-
-
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ကနေ ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဗိုလ်မှူးကြီး မောင်မောင်ဝင်းဟာ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိကြောင်း လေးမျက်နှာမြို့နယ် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းက ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ထုတ် အစိုးရသတင်းစာမှာ စစ်ဘက်တာဝန်တွေကို ပြန်လည် ထမ်းဆောင်ခွင့်ပြု လိုက်သူတွေ နာမည်စာရင်းကို သမ္မတအမိန့်နဲ့ ထုတ်ပြန်ကြေညာရာမှာ ဗိုလ်မှူးကြီး မောင်မောင်ဝင်း နာမည်ပါနေ တာကြောင့် သူဟာ အစိုးရဝန်ထမ်းဖြစ်နေတဲ့အတွက် အခုလို တိုင်ကြားတာဖြစ်တယ်လို့ အန်အယ်လ်ဒီ ပါတီ လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုဇော်မင်းသိန်းက ပြောပါတယ်။
"စက်တင်ဘာလ ၁ ရက်နေ့ နေ့စွဲနဲ့ သမ္မတကနေပြီးတော့ စစ်ဘက်မူလတာဝန်များကို ပြန်လည်ထမ်းဆောင် ခွင့်ပြုလိုက်ပြီဆိုတဲ့ သူ့နာမည်ပါလာတဲ့အတွက် သူဟာပထမတော့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာမှာ ဗိုလ်မှူးကြီး အငြိမ်းစားဆိုပြီး တည့်ထားတာကို ခရိုင်ကော်မရှင် ဆီကနေပြီးတော့ သိရတယ်၊ နောက်ပိုင်းကျတော့မှ သမ္မတကနေပြီးတော့ စစ်ဘက်မူလတာဝန်များကို ပြန်လာ ထမ်းဆောင်စေလိုက်ပြီဆိုတဲ့ခါကျတော့ သူကဝန်ထမ်းပြန်ဖြစ်သွားပြီ၊ အဲ့ဒီအခါမှာ ဖွဲ့စည်းပုံထဲမှာပါတဲ့ ၂၆(က)မှာလေ၊ ဝန်ထမ်းများဟာ ပါတီနိုင်ငံရေးတွေ ကင်းရှင်းရမည်ဆိုတဲ့အချက်ရယ်၊ နောက်ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၅ အပိုဒ် ၁ဝ (ဋ)မှာ နိုင်ငံ့ဝန်ထမ်းမဖြစ်ရဘူးဆိုတဲ့ဟာ ပါထားတယ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်လိုက်တာနဲ့ လက်ရှိသူဟာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိတော့ဘူး၊ အဲ့ဒီအချက်ကို ထောက်ပြပြီးတော့ ကျနော်တို့ ကန့်ကွက်ထားတယ်"
အဲ့ဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးကနေ ရှင်းလင်းချက်ပေးဖို့ ညွှန်ကြားထား တယ်လို့ လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအေးလှိုင်က ပြောပါတယ်။
"လက်ရှိတော့ သူတို့ပြည်ခိုင်ဖြိုးပါတီကို မေးထားလားမသိဘူး၊ ဗိုလ်မှူးကြီးမောင်မောင်ဝင်း ပင်စင်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်းသိအောင်ဆိုပြီး သူတို့ကိုအခု စာထွက်ပြီးတော့ မေးထားပါတယ်၊ အဖြေ သိရလို့ကတော့ သိရတဲ့အတိုင်းပေါ့၊ တရားဝင် မဝင်သိတယ်ဆိုလို့ရှိရင်တော့ ဆက်လက်ပြီးဆောင်ရွက်မှာပေါ့၊ တကယ်တမ်း သူကပင်စင်ယူပြီးရင်တော့ မငြိတော့ပါဘူး၊ ပင်စင်မယူရသေးဘူးဆိုရင်တော့ သူကငြိစွန်းသွား မှာပေါ့၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်၊ ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင်တော့ ပင်စင်ယူပြီးပြီဆိုလို့ ရှိရင်တော့ သူ့ကိုကျနော်တို့က ဘာမှအရေးယူလို့မရဘူး၊ သူကလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက်ပြီးရပ်တည်မှာပေါ့၊ ပင်စင်မယူရသေးဘူးဆိုလို့ရှိရင်တော့ ကျနော်တို့ သက်ဆိုင်ရာ ပြည်ထောင် စုကော်မရှင်အထိ အဆင့်ဆင့်တင်ပြပြီးတော့မှ ဆောင်ရွက်ရမှာပါ"
ဗိုလ်မှူးကြီးမောင်မောင်ဝင်းဟာ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးဖြစ်ပြီး အငြိမ်းစားဗိုလ်မှူးကြီးဟောင်းအဖြစ် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်း တင်သွင်းသူတွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ စိစစ်ခဲ့တာဖြစ်ပြီး ဗိုလ်မှူးကြီး မောင်မောင်ဝင်းကိုလည်း ကိုယ်စားလှယ်လောင်းအဖြစ် ကော်မရှင်က အတည်ပြု လိုက်ပြီးဖြစ်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ နိုင်ငံ့ဝန်ထမ်းတစ်ဦးဟာ ရွေးကောက်ခံပိုင်ခွင့် မရှိတဲ့ အတွက် ရွေးကောက်ပွဲဝင်မယ့်သူတွေဟာ အစိုးရဝန်ထမ်းအဖြစ်ကနေ အငြိမ်းစားယူပြီးမှ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။