USDP အမတ်လောင်းစာရင်းမှာ လူသစ်အများစုပါဝင်
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို သြဂုတ်လ ၁၂ ရက်နေ့ ဒီကနေ့မှာ ပါတီက ထုတ်ပြန်ကြေညာပါတယ်။
-
သန့်ဇင်ဦး
2020-08-12 -
-
-
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို သြဂုတ်လ ၁၂ ရက်နေ့ ဒီကနေ့မှာ ပါတီက ထုတ်ပြန်ကြေညာပါတယ်။
ဒီအထဲမှာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်တွေအားလုံး ပါဝင်ပြီး ပါတီရဲ့ ထိပ်ပိုင်း ခေါင်း ဆောင်တွေကလွဲရင် ကျန်တဲ့ ကိုယ်စားလှယ်လောင်းတွေ အားလုံးနီးပါးကတော့ ယခင် ရွေးကောက်ပွဲတွေမှာ မဝင်ဖူးတဲ့သူတွေဖြစ်တယ်လို့ USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
ကိုယ်စားလှယ်လောင်းတွေထဲမှာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်အချို့က နေပြည်တော်က မြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
နေပြည်တော်က ဝင်ရောက်တာဟာ ဒေသခံတွေရဲ့ တောင်းဆိုမှုနဲ့ ဒေသခံပါတီဝင်တွေရဲ့ တင်ပြလာမှုအပေါ် ရွေးချယ်ရေးအဖွဲ့က ဆုံးဖြတ်ပေးတာဖြစ်တယ်လို့ USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
“ကျွန်တော်တို့ ရွေးချယ်တဲ့မူဝါဒကတော့ ရှင်းပါတယ်၊ ဒေသခံပါတီနဲ့ ဒေသခံပြည်သူရဲ့ တောင်းဆိုချက်၊ သူတို့ရွေးချယ်မှုအရ ကျွန်တော်တို့ ဗဟိုရွေးချယ်ရေးကော်မတီက အတည်ပြုတာပါ၊ ဆိုတော့ ထိပ်ပိုင်း ခေါင်းဆောင်တွေ နေပြည်တော်မှာဆိုတာကလည်း ဒီနေပြည်တော်ပါတီက သူတို့ရဲ့ တောင်းဆိုမှုအရ လူကြီးတွေကလည်း ဝင်ရောက်ရွေးချယ်မယ်ဆိုတဲ့ ဆန္ဒအရ ဒါတွေက ဒီဒေသမှာဖြစ်သွားတာပေါ့လေ”
ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ နေပြည်တော်က မြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့အပေါ် ဝေဖန်မှုတွေ ရှိပေမယ့် မဲဆန္ဒနယ်အားလုံး အနိုင်ရရှိအောင် ကြိုးစားမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အကောင်းဆုံး ယှဉ်ပြိုင် သွားမယ်လို့ ဒေါက်တာ နန္ဒာလှမြင့်က ဆိုပါတယ်။
နေပြည်တော်က ဝင်ရောက်ယှဉ်ပြိုင်တာဟာ ဝန်ထမ်းနဲ့ တပ်မိသားစုတွေများတဲ့အတွက် ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက RFA ကို ပြောပါတယ်။
“နေပြည်တော်မှာတော့ ပုံမှန်အားဖြင့်တွက်မယ်ဆိုလို့ရှိရင်တော့ အရပ်သားထက်စာလို့ရှိရင် ဝန်ထမ်းနဲ့ တပ်မိသားစုများတာကိုး၊ အဲတော့ ဒီနေရာမျိုးမှာ သူတို့အတွက် အခွင့်အလမ်းကောင်းများ ပိုရနိုင်မယ်လို့ တွက်ချက်တာလည်း ပါမှာပေါ့”
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် တာမွေမြို့နယ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်တွေကတော့ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်မယ်လို့ သုံးသပ်မှုတွေရှိပေမယ့် ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်နိုင်လောက်တဲ့ မဲအရေအတွက် အခြားသူတွေ မရနိုင်ဘူးလို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေထဲမှာ မျက်နှာသစ်တွေ ရွေးချယ်တဲ့အပေါ်ကိုတော့ ဦးမောင်မောင်စိုးက အခုလို သုံးသပ်ပါတယ်။
“လူထုအနေနဲ့ကတော့ အရင်ကြံ့ခိုင်ရေး လူဟောင်းတွေဆိုရင် ဆန့်ကျင်ကြတာကိုး၊ ဆန့်ကျင်ကြတဲ့အခါမှာ မျက်နှာသစ်တွေနဲ့ ထုတ်ပြီးတော့ သူတို့ရင်ဆိုင်ဖို့ ကြိုးစားတယ်နဲ့တူပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် ဆိုတာက လွှတ်တော်ထဲရောက်အောင် အမတ်လောင်းရွေးတာကိုး၊ လွှတ်တော်ကိုယ်စားလှယ် ရွေးတာ ဖြစ်တယ် အစိုးရဖွဲ့တာ မဟုတ်ဘူး၊ အစိုးရဖွဲ့တာကတော့ ကိုယ်ကြိုက်တဲ့လူနဲ့ ကိုယ်ဖွဲ့တာလေ NLD လည်း ဒီလိုပဲဖွဲ့တာပဲလေ အမတ်တွေနဲ့ ဖွဲ့တာမှမဟုတ်တာ၊ အဲဒီအချိန်မှာ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လာရင် လူထုထဲမှာ၊ ရပ်ကွက်ထဲမှာ ပရဟိတလုပ်တဲ့သူတို့ လူထုကြားထဲမှာ အမြင်ကောင်းတဲ့သူတို့ ဒီလိုလူမျိုးတွေကိုပဲ ရွေးကြတာပါပဲ”
အမျိုးသမီးနဲ့ လူငယ်တွေကိုတော့ ကိုယ်စားလှယ်အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်အောင် ရွေးချယ်ထား တယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဇူလိုင်လကုန်ပိုင်းမှာ RFA ကို ဖြေဆိုထားပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်ကလည်း ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တတ်နိုင်သလောက် ပါဝင်ကူညီပေးမှာဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။
တပ်မတော်အစိုးရက ထူထောင်ပေးခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရွေးကောက်ပွဲမဝင်တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရရှိခဲ့ပေမယ့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။
အခု လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် နေရာ ၃၂၀၊ အမျိုးသားလွှတ်တော် အတွက် ၁၆၅ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၆၄၄ နေရာ စုစုပေါင်း ၁၁၂၉ နေရာမှာ USDP ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။