မဲရလဒ်တွေကို လွတ်လပ်တဲ့စုံစမ်းရေးအဖွဲ့နဲ့ စစ်ဖို့ USDP တောင်းဆို

ရွေးကောက်ပွဲမှာ မဲစာရင်းဖောင်းပွမှုတွေဖြစ်ပြီး မဲမသမာမှုတွေ ရှိခဲ့တာကြောင့်၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို သီးခြားလွတ်လပ်တဲ့ အဖွဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေးပေးဖို့၊ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုလိုက်ပါတယ်။

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီဝင်တွေနဲ့ ဝန်းရံသူများက နေပြည်တော်က ရွှေနံ့သာ ဘောလုံးကွင်းမှာ ၂၀၂၀ နိုဝင်ဘာ ၁၅ရက်နေ့က ဆန္ဒထုတ်ဖော်ကြစဉ်။ Photo : Thiha Tun / RFA

ရွေးကောက်ပွဲမှာ မဲစာရင်းဖောင်းပွမှုတွေဖြစ်ပြီး မဲမသမာမှုတွေ ရှိခဲ့တာကြောင့်၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို သီးခြားလွတ်လပ်တဲ့ အဖွဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေးပေးဖို့၊ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းကတော့ မဲစာရင်းတွေကို ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက နှစ်ကြိမ်တိတိ ကပ်ခဲ့တာကြောင့်၊ အခုချိန်မှာ ဘာတစ်ခုမှ ပြန်စစ်ဆေးပေးစရာ မလိုဘူးလို့ တုံ့ပြန်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေအပေါ်  သီးခြားလွတ်လပ်ပြီး သမာသမတ်ကြတဲ့ အဖွဲ့အစည်း တစ်ခုကနေ  စစ်ဆေးဖော်ထုတ်ပေးပြီး၊ မှန်ကန်မျှတ တရားမဲ့ပြုကျင့်မှုကင်းတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်ပေးဖို့၊ ၂၀၂၀ ရွေးကောက်ပွဲမှာရှုံးနိမ့်ခဲ့တဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတချို့က ဒီနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ သတင်းစာရှင်းပွဲလုပ်ပြီး ဆောင်းဆိုလိုက်တာပါ။

လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ကို စစ်ဆေးပေးမှသာ၊ မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မယ်လို့  ရွေး‌ကောက်ပွဲမှာရှုံးနိမ့်ခဲ့တဲ့ လက်ရှိကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက  ပြောပါတယ်။

“ ကျတော်တို့က မြေပြင်က အခြေအနေတွေ ဒီအခြေအနေပေါ် မူတည်ပြီးတော့ ဒီစာရင်းဇယားအရ ဘယ်လို တွေဖြစ်နေသလဲဆိုတဲ့ဟာကို စစ်ဆေးတဲ့အခါမှာ ယခုလို မဲစာရင်းတွေဟာ ဖောင်းပွပြီးတော့ ဖြစ်နေတာ တွေကို တွေ့ရှိရခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီဟာတွေကို ထပ်မံပြီးတော့ ရွေးကောက်ပွဲကော်မရှင် အသုံးပြုသွားတဲ့ မဲလက်မှတ်တွေ မဲလက်မှတ်ဖြတ်ပိုင်းတွေ ကြိုတင်မဲတွေ၊ ကြိုတင်မဲဖြတ်ပိုင်းတွေ နောက်တစ်ခါ မဲစာရင်းတွေ ကြိုတင်မဲစာရင်းတွေ ဒါတွေအားလုံးကို သီးခြားသမာသမတ်ကျတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ စစ်ဆေး ဖော်ထုတ်ပြီးတော့ ပြည်သူတွေအတွက် အမှန်တရားကို ဖော်ထုတ်ပေးဖို့ လိုအပ်တယ်လို့ တင်ပြလိုပါတယ်။”


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စုံစမ်းစစ်ဆေးဖို့အတွက် “တိုင်းရင်းသားပါတီတွေက အချိုးကျ ကိုယ်စားလှယ်တွေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို စောင့်ရှောက်ဖို့တာဝန်ရှိတဲ့ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ ဥပဒေကျွမ်းကျင်သူတွေ ပါဝင်တဲ့ လွတ်လပ်တဲ့စုံစမ်းရေးအဖွဲ့ ဖွဲ့ပေးဖို့”  ဒီနေ့သတင်းစာရှင်းပွဲမှာ အတူပါဝင်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၂ က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးမြင့်စိုးက အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းတောင်းဆိုသွားပါတယ်။

ဒီတောင်းဆိုချက်နဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ သဘောထားသိနိုင်ဖို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကို အွန်လိုင်းကတဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားတာမျိုးမရှိပါဘူး။

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သဘောထားကိုလည်း RFA က အီးမေးလ်ပို့ပြီး မေးမြန်းခဲ့ပေမယ့် အခု သတင်းရေးနေတဲ့အချိန် ညနေပိုင်းအထိ ပြန်လည် ဖြေကြားတာမျိုး မရှိ‌ပါဘူး။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲမသမာမှုတွေအဖြစ် အယောင်ဆောင်မဲပေးတာ၊ အသက်မပြည့်သေးသူတွေ မဲပေးတာ၊ လိမ်လည်မဲပေးတာ၊ လူတစ်ယောက်တည်းကနေ မဲရုံ နှစ်ရုံမှာ မဲပေးခဲ့တာ၊ မဲစာရင်းသက်သေခံလက်မှတ် အပိုလုပ်တာ စတဲ့ဖြစ်စဉ်တွေကို တွေ့ခဲ့ရကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဗွီဒီယိုဖိုင်တွေနဲ့ ပြသရှင်းလင်းခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းကတော့ ဒီစွပ်စွဲချက်တွေအပေါ်မှာ ဘာတစ်ခုမှ စစ်ဆေးပေးစရာ မလိုဘူးလို့ တုံ့ပြန်ပါတယ်။

“ဘာစစ်ဆေးရမှာလဲ ၊ ပထမအကြိမ် ၂၁ ရက် ဒုတိယအကြိမ် ၁၄ ရက် ကပ်ထားတာပဲ၊ ပြည်သူတွေ တောင်းဆို ဆန္ဒပြုတဲ့အတိုင်း ကျတော်တို့ကပ်ပေးထားတာပဲ၊ ဒီအပေါ်မှာ ဘာမှ သူ့ဘာသာပြောချင်ရာပြော သူပြောတာတွေအပေါ် မှန်တယ် မှားတယ်လို့ ကျတော်တို့ မဝေဖန်တော့ပါဘူး ၊ ဒါပါပဲ။”

မတရားပြုကျင့်ပြုမှုတွေရှိရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြနိုင်တယ်လို့လည်း ဦးရှိန်ဝင်းက ပြောသွားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပျော်ဘွယ်နဲ့ ရမည်းသင်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီညီလွင်ကတော့ ကော်မရှင်ကို စစ်ဆေးဖို့ တောင်းဆိုတာဟာ မဖြစ်သင့်ကြောင်းနဲ့၊  ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အဲ့ဒီဒေသတွေမှာ NLD ဟာ ရှုံးနိမ့်ခဲ့ပေမယ့် အဲဒီရလဒ်ကို ကျေနပ်စွာခံယူခဲ့တယ်လို့ ပြောပါတယ်။

“ဒါသူတို့ဘာသာ သူတို့ အမာခံနယ်မြေအဖြစ် သတ်မှတ်ထားတာလေ သတ်မှတ်ထားတဲ့ အတိုင်းအတာ ပေါ်မှာမှ သူတို့ နိုင်မယ်လို့ ထင်ထားတဲ့အတိုင်း ဖြစ်မလာတဲ့ဟာမျိုးတွေ ရှိလာတယ်၊ ရှိလာတဲ့ဟာကို ခုနလိုအသေး အမွှားလေးကစ အကုန်လုံးကို စုဆောင်းပြီးတော့ မကျေနပ်ဘူးဆိုတဲ့ အတိုင်းအတာမျိုး လုပ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့၊ ကျတော်အမြင်အနေနဲ့ အဲလိုတောင်းဆိုလည်း တောင်းဆိုပိုင်ခွင့် မရှိဘူးလို့မြင်တယ်။ ဘာလို့လည်းဆိုတော့ ယူအီးစီကနေ တရားဝင် ကြေညာချက်လည်း ထုတ်ပြန် ထားပြီးပီလေ၊ ဒါနဲ့ ပတ်သက်ပြီး အဲလိုတောင်းဆိုတာကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ် ၃ မြို့နယ်စလုံးမှာ အနိုင်ရခဲ့ပြီး၊ အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အဲ့ဒီနေရာ ၃ ခုစလုံးမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ရှုံးနိမ့်ခဲ့တဲ့ ဦးသောင်းအေးကတော့ သတင်းစာရှင်းလင်းပွဲ လုပ်ရတာက ရွေးကောက်ပွဲအနိုင်အရှုံးအပေါ် မကျေနပ်လို့ ရှံးမဲ မဲတာမျိုး မဟုတ်ဘဲ၊ တရားမျှတမှုကို ရချင်တဲ့အတွက် ရှင်းလင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

တပြိုင်ထဲမှာပဲ ပျော်ဘွယ်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေဟာ ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ကြောင်း လူဦးရေတစ်သိန်းကျော်ပါဝင်မယ့် လက်မှတ်ရေးထိုးလှုပ်ရှားမှု (Signature Campaign) ကိုလည်း စတင်ခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ရွေးကောက်ပွဲကာလ တရားမဲ့ပြုကျင့်မှုတွေနဲ့ပတ်သက်ပြီးရဲစခန်းနဲ့  သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို တိုင်ကြားထားပြီး၊ ရမည်းသင်းမြို့နယ်မှာ လတ်တလော ၉ မှု၊ ပျော်ဘွယ် မဲဆန္ဒနယ်မှာ ၃၃ မှုအပြင် နောက်ထပ် စိစစ်ဆဲအမှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org