ကြံ့ခိုင်ရေးပါတီနဲ့ စည်းလုံး ညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ မဟာမိတ်အဖြစ်က ရပ်စဲ

လာမယ့် ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည် နယ်အတွင်းက မြို့နယ်တိုင်းမှာ ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်ပြုထားတာကို စည်းလုံးညီ ညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)ဘက်က ရပ်စဲလိုက်ပါတယ်။

စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ဥက္ကဌ ဦးခက်ထိန်နန်(အလယ်လူ) ကို တွေ့ရစဉ် Photo: U Hkyet Hting Nan's Facebook

လာမယ့် ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်းက မြို့နယ်တိုင်းမှာ ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်ပြု ထားတာကို စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)ဘက်က ရပ်စဲလိုက်ပါတယ်။

မဟာမိတ်အဖြစ် ရပ်စဲလိုက်တာကို ကြံခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကို အကြောင်းကြားပြီး ဖြစ်တယ်လို့ စည်းလုံး ညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ဥက္ကဌ ဦးခက်ထိန်နန် က ပြောပါတယ်။

"ကြံ့ခိုင်ရေးဌာနချုပ်၊ ကြံ့ခိုင်ရေးဥက္ကဌ ဦးသန်းဌေး ဆီကိုလည်း စာနဲ့သော်လည်းကောင်း၊ လူနဲ့သော်လည်းကောင်း ကျနော်တို့ တင်ပြပြောဆိုထားပြီးဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ သီးခြားစီရပ်တည်သွားတာကို သူတို့ကလည်း ကောင်းကောင်းမွန်မွန်နားလည်ပါတယ်။"

စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က ကြံခိုင်ဖွံ့ဖြိုးရေးပါတီကို မဟာမိတ်ပြုပြီး တည်ထောင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီကို ကချင်ပြည်နယ်အတွင်းက မဲဆန္ဒနယ် ၉ ခုမှာ ရွေးကောက်ပွဲ ဝင်ရောက်ဖို့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီက ခွင့်ပြုပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ  ကချင်ပြည်နယ်အတွင်းက မဲဆန္ဒနယ် ၄ ခုမှာသာ ရွေးကောက်ပွဲဝင် ဖို့ နေရာပေးတာကြောင့် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီက ပါတီဝင်တွေက ပါတီကနေ ထွက်မယ်ဆို တဲ့ တောင်းဆိုချက်တွေရှိပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပါတီဥက္ကဌ ဦးခက်ထိန်နန် က ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့လည်း ၂၀၁၅ ရွေးကောက်ပွဲကာလက တပ်မတော်၊ ဦးသိန်းစိန်အစိုးရနဲ့ မဟာမိတ် ပါတီတွေဘက်က  တောင်းခံတဲ့ ကိုယ်စားလှယ်လောင်းအရေအတွက်တွေကို မျှဝေပေးရတဲ့ အနေအထားအရ ပါတီတွင်းမှာ ကိုယ်စားလှယ်လောင်း နေရာပေးဝေရမှုတွေနဲ့ ပတ်သက်ပြီး ပြဿနာ တွေရှိခဲ့တယ် လို့ ဦးခက်ထိန်နန် က ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့လည်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အဲဒီလို အခြေအနေတွေ ထပ်ရှိလာမှာကို စိုးရိမ်မှုတွေရှိတာကြောင့် မဟာမိတ်အဖြစ်က ရပ်စဲလိုက်တာနဲ့ ပတ်သက်ပြီး နားလည်ပေးတယ်လို့ ဦးခက်ထိန်နန် က ပြောပါတယ်။

လက်ရှိမှာ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) မှာ ပါတီဝင်အင်အား သုံးသောင်းကျော်ရှိနေပြီ လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org