ပြည်ခိုင်ဖြိုးအတွက် သမ္မတလောင်းရွေးဖို့ မဆုံးဖြတ် ရသေးဘူးလို့ ဦးဌေးဦးပြော

လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ ရင်တောင်မှ ဘယ်သူ့ကို သမ္မတရွေးချယ်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့မှာ အောက်တိုဘာလ ၁ဝ ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦး ကို တွေ့ရစဉ် Photo: Win Ko KO latt/RFA

လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ရင်တောင်မှ ဘယ်သူ့ကို သမ္မတရွေးချယ်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ ရန်အောင်မြင်ဘုရားဝင်းမှာ စတုဒီသာထမင်း ကျွေးမွေးလှူဒါန်းတဲ့ အခမ်းအနားမှာ ပါတီရဲ့ပူးတွဲဥက္ကဌ ဦးဌေးဦးက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော့်ဆန္ဒကတော့မလုပ်ချင်ဘူး၊ ဒီမှာလူထုကြားထဲမှာ လွတ်လွတ်လပ်လပ်နေရတာ ပိုပြီးကောင်းတယ် ပျော်တယ် လူထုကြားထဲမှာနေတယ်၊ သို့သော်လည်းပဲ တာဝန်ပေးလို့လုပ်ရမယ်ဆိုရင်လည်း ကျန်တဲ့သူတွေလုပ်မှာပေါ့၊ လုပ်နိုင်မယ့်လူတွေလည်း အများပြား ရှိပါတယ်၊ အနိုင်ရရင်တော့နော် ပါတီကရွေးမှာပေါ့ မဟုတ်ဘူးလား၊ အခုပြောနေလို့ ဘယ်ဖြစ်ပါဦး မလဲ နိုင်မှမနိုင်သေးတာ သူ့အယူအဆနဲ့သူပြောတာ၊ ပါတီရဲ့မူမှမဟုတ်တာ သူပြောတာပဲ၊ စိတ်ထဲမှာ သူယူဆလိုက်တဲ့အတိုင်းပဲပြောတာပဲ၊ ဖြစ်နိုင်တာပေါ့ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဘက်မှာတော့ အားသာချက်ရှိတယ်၊ အဲ့ဒီအားသာချက်ကတော့ ဘာလဲဆိုရင် တစ်ယောက်ထက်မကရှိတယ်၊ ရွေးနိုင်တယ် ရွေး မှာပေါ့ ရွေးနိုင်ကြတာပေါ့ အသင့်တော်ဆုံးလူကို ရွေးကြမှာပေါ့"

လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တနင်္သာရီမြို့ မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မယ့် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးကတော့ သူတို့ပါတီအနိုင် ရရင် သမ္မတ ဦးသိန်းစိန် ဆက်လက်တာဝန်ထမ်းဆောင်မယ်လို့ အခုလ ၅ ရက်နေ့က ပြောကြားထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီမှာ နိုင်ငံတော် သမ္မတ လုပ်နိုင်တဲ့သူအများအပြားရှိတယ်လို့လည်း ဦးဌေးဦးက ပြောပါတယ်။ ဒါ့အပြင် ဦးဌေးဦးက သူဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ် ဟင်္သာတမြို့မှာ အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ၂ ကြိမ်လာတော့ ၂ ကြိမ် အနမ်းခံရတာပေါ့ဆိုပြီး စကားကို ထည့်ပြောတာဟာ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူးလို့လည်း ဦးဌေးဦးက ပြောပါတယ်။

လယ်ဝေးမြို့က အဲ့ဒီစတုဒီသာကျွေးမွေးလှူဒါန်းပွဲကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦးနဲ့ အလှူရှင်တွေက ပူးပေါင်းလှူဒါန်းတာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးမြင့်လှိုင်၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်း၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်စိုးအပါအဝင် ကိုယ်စားလှယ်လောင်းအချို့ တက်ရောက်ခဲ့ကြ ပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေလည်း တက်ရောက်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org