ကျွန်းလှမြို့နယ် ကိုင်းဝန်းရွာက USDP ပါတီဝင်တစ်ဦး အသတ်ခံရ
စစ်ကိုင်တိုင်း၊ ကျွန်းလှမြို့နယ်၊ ကိုင်းဝန်းရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး (USDP) ပါတီဝင် ဦးဝင်းငွေ ဟာ စစ်ကောင်စီသတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမည်မသိ လူတစ်စုက နိုဝင်ဘာ ၉ ရက်မနေ့က ဖမ်းဆီး သတ်ဖြတ်တာ ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-11-10
-
-
-
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကိုင်းဝန်းရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး (USDP) ပါတီဝင် ဦးဝင်းငွေ ဟာ စစ်ကောင်စီသတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမည်မသိ လူတစ်စုက နိုဝင်ဘာ ၉ ရက် မနေ့က ဖမ်းဆီး သတ်ဖြတ်တာ ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ညနေပိုင်းမှာ အဖမ်းခံလိုက်ရတာဖြစ်ပြီး ရွာအပြင်မှာ လက်ပြန်ကြိုးတုပ် ဓားဒဏ်ရာတွေနဲ့ သေဆုံး နေတာ တွေ့ရတယ်လို့ အမည်မဖော်လိုတဲ့ ကိုင်းဝန်းရွာသားတစ်ဦးက ပြောပါတယ်။
“အရင်တလောက စစ်ကောင်စီက ရွာကိုဝင်မွေပြီး ဖမ်းတာတွေ၊ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့နဲ့ ပတ်သက် တာတွေကို သူက စစ်ကောင်စီကို သတင်းပေးတယ်။ အဲဒီလိုတွေမလုပ်ဖို့ တားမြစ်ခဲ့ပေမယ့် မလိုက်နာ ခဲ့ဘူးလို့ ကြားတယ်"
ကျွန်းလှမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်တာ ရွာတွေထဲ မသင်္ကာလို့ ဖမ်းဆီးတယ်ဆိုတာတွေ လုပ်နေတာကြောင့် ရွာခြောက်ရွာလောက်က ဒေသခံ တစ်ထောင်ကျော် ဟာ တိမ်းရှောင်နေကြဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလကနေ စက်တင်ဘာလအတွင်း USDP ပါတီဝင်တွေနဲ့ မိသားစုဝင်တွေ ပါတီအားပေးထောက်ခံသူ (၂၅၃) ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ USDP ပါတီက စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
USDP ပါတီရဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ပြုလုပ်တဲ့အစည်းဝေးမှာ ဒီကာလအတွင်း အသက်ခန္ဓာ စွန့်လွှတ်ခဲ့ရတဲ့ ပါတီမိသားစုတွေကို ပုံမှန်ထောက်ပံ့နိုင်ရေး ဆောင်ရွက်ပေးရန်ဆိုတဲ့ အချက်ကို USDP ပါတီရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။