မီးအလှူပေးတာဟာ မဲရရှိရေးအတွက်မဟုတ်ကြောင်း ဦးဝေလွင် ပြောကြား

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က မိမိအနေနဲ့ မဲရဖို့အတွက် ကျေးရွာ ၁၆ ရွာ မီးလင်းရေးအတွက် လှူဒါန်း ခဲ့တာမဟုတ်ကြောင်းနဲ့ အဲဒီအလှူကြောင့် မဲပေးတာမျိုး မလုပ်ကြဖို့ကို ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြောကြားပါတယ်။

နေပြည်တော် ပုဗ္ဗသီရိမြိုု့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝေလွင် စက်တင်ဘာလ ၁၁ ရက်နေ့က မဲဆွယ်စည်းရုံးနေစဉ် Photo: Win Naung Toe/RFA

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က မိမိအနေနဲ့ မဲရဖို့အတွက် ကျေးရွာ ၁၆ ရွာ မီးလင်းရေးအတွက် လှူဒါန်းခဲ့တာမဟုတ်ကြောင်းနဲ့ အဲဒီအလှူကြောင့် မဲပေးတာမျိုး မလုပ်ကြဖို့ကို ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြောကြားပါတယ်။

ဒီကနေ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာမှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး မဲဆွယ်စည်းရုံးစဉ်မှာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်က ပြောလိုက်တာဖြစ်ပါတယ်။

"ကျနော်ရွာတွေထဲမှာ သွားပြီးလှူတဲ့အခါပြောခဲ့ပါတယ်၊ ဒီလိုလှူလို့ မဲပေးတဲ့အချိန်မှာ ဒီလှူတယ်ဆိုတဲ့ အကြောင်းကိုခံပြီးတော့ မဲပေးတာမျိုးမလုပ်ပါနဲ့ မကြိုက်ရင်မပေးပါနဲ့ ဒီအလှူကိုလည်း စိတ်ထဲမှာမထားပါနဲ့ သူ့ဘာသာသူ လှူချိန်တန်တော့လှူတာဖြစ်တယ်၊ မဲပေးရင်ကိုယ်ကြိုက်တဲ့လူကို ပေးနိုင်ပါတယ်၊ ဒါကို ကျနော် ကိုယ်တိုင်လည်း မဲရဖို့ လာဘ်ထိုးရတဲ့ဟာမျိုး မျက်နှာချိုသွေးရတဲ့ဟာမျိုးကျတော့ ငါတစ်သက်ဘယ်တော့မှ မလုပ်ဘူးဆိုပြီး ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်ပါတယ်"

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်က ပုဗ္ဗသီရိမြို့နယ် ကျေးရွာ ၁၆ ရွာ မီးလင်းရေးအတွက်ဆိုပြီး ကျပ်သိန်း ၆၀၀ ကျော်ဖိုးလှူဒါန်းခဲ့တယ်လို့ ကိုယ်စားလှယ်လောင်း ဦးဝေလွင်က ပြောပါတယ်။ အဲဒီအတွက် ကော်မရှင်ထံ မဲဆွယ်တယ်ဆိုပြီး တိုင်ကြားထားတာရှိကြောင်းလည်း သိရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းတို့ဟာ တပ်မတော်ကနေ အငြိမ်းစားယူ ပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေအဖြစ် နေပြည်တော် ပုဗ္ဗသီရိနဲ့ ဇေယျာသီရိ မဲဆန္ဒနယ်မြေတွေကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး တပ်မတော်အရာရှိတွေနဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org