သူရ ဦးရွှေမန်းနှင့် ဝ၊ မိုင်းလား တပ်ဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံ
ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့နဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့ က ခေါင်းဆောင်တွေဟာ ပြည်တောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ စက်တင်ဘာ ၃ ရက်နေ့ မနေ့ မနက်က ကျိုင်းတုံမြို့ တြိဂံတိုင်းစစ်ဌာနချူပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
-
2013-09-04 -
-
-
ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့နဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့က ခေါင်းဆောင်တွေ ဟာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ စက်တင်ဘာ ၃ ရက်နေ့ မနေ့ မနက်က ကျိုင်းတုံမြို့ တြိဂံတိုင်းစစ်ဌာနချူပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ UWSA အဖွဲ့က တောင်းဆိုနေ တဲ့ ပြည်နယ်ကိစ္စ ပြောဆိုလိုက်တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က RFA ကိုပြောပါတယ်။
“ကျိုင်းတုံမှာ တွေ့ဖြစ်ပါတယ်၊ အဓိကတော့ လွှတ်တော်အနားယူတုန်းပေါ့နော်၊ အောက်ခြေ လှည့်ပြီး တောင်းဆိုချက်လေးတွေ ဘာလေးတွေ ပြည်သူတွေရဲ့အသံနားထောင်ချင်လို့ ဆိုပြီးတော့ ဆင်းလာတာဖြစ်တယ်၊ အခုကလွှတ်တော်ရှိတယ်၊ ဥပဒေရှိတယ်၊ ရှိတဲ့ကိစ္စက သူတို့ ဒီဆွေးနွေးပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စတွေပေါ့နော့်၊ ပြောစရာဆိုစရာရှိတာတွေကိုလည်း သူတို့ဆီကို တင်လို့ရတယ်ပေါ့၊ သူတို့ကလည်း အခြေအနေနဲ့ကိုက်အောင် ပြုပြင်တာပေါ့နော့်၊ အဓိကတော့ ဒီဦးတည်ချက်ပါပဲ၊ ကျနော်တို့ ဖွဲ့စည်းပုံကိစ္စပေါ့၊ ဆိုလိုတာက ဝကလည်း ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရပြည်နယ် တောင်းနေတယ်မဟုတ်လား၊ ဒါလေးတွေကို ညွှန်းပြနေတာ ဒီလိုကိစ္စမျိုးကို ပြောတာပါ”
ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ UWSA ဘက်က ဒုတိယ စစ်သေနာပတိချူပ် တာ့လွန်း၊ ပြည်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းနဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်တို့သုံးယောက် တက်ရောက်ခဲ့ပါတယ်။ အစိုးရဘက်ကတော့ သူရဦးရွှေမန်းနဲ့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုဥက္ကဌ ဦးသိန်းဇော်နဲ့ အဖွဲ့ဝင် ၁၅ ယောက်လောက် ပါဝင်ပါတယ်။
ညနေပိုင်းမှာတော့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့က ဥက္ကဌ ဦးစိုင်းလင်း၊ ဒုဥက္ကဌ ဦးစံပေ့၊ ဒုဥက္ကဌ ခွန်းစံလူတို့ သုံးဦးနဲ့ သူရဦးရွှေမန်းတို့ တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းအခြေအနေတွေကို ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
သူရ ဦးရွှေမန်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ စက်တင်ဘာလ ၂ ရက်နေ့ကတော့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ SSA ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချူပ် PNO က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ဥက္ကဌလည်းဖြစ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင် ဒုတိယဗိုလ်ချူပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့ဟာ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချူပ် ပန်ဆန်းဒေသကို ရောက်နေပါတယ်။
တိုင်းရင်းသားအဖွဲ့အစည်းတွေ စုံစုံလင်လင် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့နဲ့ ဖယ်ဒရယ်စနစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ဖို့အတွက် ဖိတ်ကြားဖို့သွားနေတာလို့ UNFC အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။
“UNFC က ကျနော်တို့ ဥက္ကဌ ကိုယ်တိုင်သွားတာပါ၊ ကျနော်တို့က ဒီနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ လုပ်ရင် UNFC ကိုယ်စားလှယ်အဖွဲ့နဲ့ ပူးတွဲပြီးတော့ တွေ့ဆုံဆွေးနွေးပွဲဝင်ဖို့ဆိုပြီးတော့ ၀ ကို ဖိတ်ထားတာရှိတယ်လေ၊ အဲ့ဒီ ဖိတ်ကြားထားတဲ့ကိစ္စကို ထပ်လောင်းပြီးတော့ ဖိတ်နိုင်တယ်၊ ဒါတစ်ချက်ပေါ့၊ ဒုတိယအချက်ကတော့ အခု ဖယ်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးမယ့်ကိစ္စမှာလည်း ကျနော်တို့က အနည်းဆုံးတော့ ဝ၊ မိန်းလား၊ ကိုးကန့် ကနေပြီးတော့ ကိုယ်စားလှယ် တစ်ယောက်လောက်ပေးဖို့ ကျနော်တို့ ပြောထားတော့ အဲ့ဒါကိုလည်းပဲ သူတို့ထပ်လောင်းပြီးတော့ နှိုးဆော်တဲ့သဘောလည်း ဖြစ်နိုင်တာပေါ့ဗျာ၊ ကျနော်သိသလောက်တော့ အဲ့သလောက်ပါပဲ၊ ကျနော်တို့ ေြပာထားတာကတော့ ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ၊ အဲ့ဒီနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲမှာ အတူတူဆွေးနွေးကြမယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ရေးတဲ့ထဲမှာ အတူတူပါကြမယ် အဲ့သလို ဖိတ်ခေါ်ထားတာပါပဲ”
UNFC အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့အဖွဲ့တို့ဟာ လာမယ့်စက်တင်ဘာ ၈ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ စီစဉ်ထားပါတယ်။