အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ဒီလအတွင်း သွားမယ်

အမေရိကန်သမ္မတ အိုဘာမားဟာ ဒီလအတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ၂၁ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံညီလာခံ ကို တက်ရောက်မယ့် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမတ ဘာရက် အိုဘားမားနှင့် အင်ဒိုနီးရှားသမတ စူစီလို ဘမ်ဘန် ယူဒိုယိုနိုတို့ နိုဝင်ဘာ ၉ ရက်နေ့က ဂျာကာတာမြို့မှာ ကျင်းပသော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် သတင်းစာဆရာများ၏ မေးခွန်းကို သမတ အိုဘားမား ဖြေကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

သမ္မတ အိုဘားမားဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထိုင်းနိုင်ငံကို ဦးဆုံးဝင်ရောက်ပြီး၊ နိုဝင်ဘာ ၁၇ ရက် နဲ့ ၁၈ ရက် နှစ်ရက်တာ မြန်မာနိုင်ငံမှာ နေထိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ တဆင့် ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံညီလာခံကို တက်ရောက်မှာပါ။ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်အသေးစိတ်ကို မသိရသေးပေမဲ့ မြန်မာနိုင်ငံမှာရှိနေစဉ်အတွင်း အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ရော၊ ဒီမိုကရေစီအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

အခုလို သမ္မတ အိုဘားမား မြန်မာပြည်သွားရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အမေရိကန်သံရုံး ပြန်ကြားရေးဌာနမှ သံရုံးပြပွဲတာဝန်ခံအဖြစ် နှစ်ပေါင်း နှစ်ဆယ်လောက်ဆောင်ရွက်ခဲ့သူ ဦးဆန်နီငြိမ်းက မြန်မာပြည်တိုးတက်ရေးအတွက် ဒါဟာ အင်မတန်အရေးပါတဲ့ ခရီးစဉ်ဖြစ်ပါတယ်လို့ RFA ကို ပြောပါတယ်။

သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည်အပတ်ခရီးဟာ အမေရိကန်သမ္မတတစ်ဦး ပထမဦးဆုံးအကြိမ် မြန်မာပြည်ကို သွားရောက်တဲ့ခရီးဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်က အမေရိကန် သမ္မတ အိုက်ဆင်ဟောင်ဝါ လက်ထက်မှာ ဒုတိယသမ္မတ ဖြစ်တဲ့ မစ္စတာ ရစ်ချတ်နစ်ဆင်  မြန်မာပြည်ကို သွားရောက်ခဲ့ဖူးပါတယ်။ မနှစ်က ဒီဇင်ဘာလ ၁ ရက်နေ့ကတော့ နှစ် ၅၀ အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးရဲ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးအဖြစ် ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် သွားရောက်ခဲ့ပါတယ်။

သမ္မတအိုဘားမားရဲ့ မြန်မာပြည် ခရီးစဉ်က ထွက်ပေါ်လာနိုင်တဲ့ အကျိုးရလဒ်တွေနဲ့ပတ်သက်ပြီး ရန်ကုန် အမေရိကန်သံရုံး ပြန်ကြားရေးဌာန ပြပွဲတာဝန်ခံဟောင်း ဦးဆန်နီငြိမ်းနဲ့ RFA ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကိုနားဆင်ပါ။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org