ဦးသန့်အရေးအခင်းမှာ ပါဝင်ခဲ့ တဲ့ ကျောင်းသားတွေ အထိမ်းအမှတ်ပွဲ ကျင်းပ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ဈာပနအရေးအခင်း နှစ်ပေါင်း ၃၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနားကို ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ်မှာရှိတဲ့ ပေါက်စေတီကျောင်းတိုက်မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါ တယ်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာ ကျင်းပတဲ့ ၃၈ နှစ်ပြည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ဈာပနအရေးအခင်းနေ့ အထိမ်းအမှတ်အခမ်းအနားမှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး မိန့်ခွန်းပြောကြားနေစဉ် Photo: RFA/Thiha Tun

ဒီအခမ်းအနားဟာ ၃၈ နှစ်တာ ကာလအတွင်းမှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး ရဟန်းသံဃာတော်တွေ၊ ဦးသန့်အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ ပါတီအသီးသီးက ကိုယ်စားလှယ်တွေ၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ အပါအဝင် လူဦးရေ တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။

ဦးသန့် ကွယ်လွန်ချိန်က ဦးနေဝင်းအစိုးရလက်ထက်ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်သယ်ဆောင်လာတဲ့ ဦးသန့်ရဲ့ ရုပ်ကလာပ်ကို အစိုးရသတ်မှတ်တဲ့ နေရာမဟုတ်ဘဲ ဦးသန့်နဲ့ ထိုက်တန်တဲ့နေရာမှာ သဂြိုလ်ခွင့်ရဖို့ ကျောင်းသား၊ ရဟန်းရှင်လူပြည်သူအများအပြားက တောင်းဆိုဆန္ဒပြကြရာမှာ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ ကျောင်းသားတစ်ချို့သေဆုံးပြီး အများအပြား ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။

ဦးသန့်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံ ကျူးဘားအရေးအခင်းမှာ စစ်ဖြစ်တော့မယ့် အနေအထားကနေ ကာကွယ်တားမြစ်ပေးနိုင်ခဲ့သူအဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် (၁၉၆၂- ၁၉၇၁) အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့်ရဲ့ နောက်ဆုံး ဈာပနကာလအတွင်း မြန်မာနိုင်ငံက ရဟန်းရှင်လူတွေ လှုပ်ရှားခဲ့ပုံတွေကို ရေးသားထားတဲ့ "ဦးသန့်အရေး လှုပ်ရှားမှုမှတ်တမ်း" စာအုပ်မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့က ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ HOME ခန်းမမှာ စတင်ဖြန့်ချီခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လက်ရှိနာယက ဦးတင်ဦး ဟာ ဦးသန့်အရေးအခင်းဖြစ်ပွားချိန်က ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်။ ကွယ်လွန်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်နဲ့ပတ်သက်ပြီး ဦးတင်ဦးရဲ့အမှတ်တရ ပြောကြားချက်တွေကို နားဆင်ပါ။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org