ဟံသာဝတီဦးဝင်းတင်နဲ့ တစ်တန်းတည်း ဦးတင်ဦးကို ဂူသွင်းသင်္ဂြိုဟ်မည်

သူရဦးတင်ဦးကို ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သတင်းစာဆရာ ဟံသာဝတီဦးဝင်းတင်ရဲ့ အုတ်ဂူနဲ့ တစ်တန်းတည်း ဂူသွင်းသင်္ဂြိုဟ်မယ်လို့လည်း နာရေးကျင်းပရေးကော်မတီဝင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သူရဦးတင်ဦး၏ ဈာပနသို့ ၂ဝ၂၄ ခုနှစ် ဇွန်လ ၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ပေးပို့ခဲ့သည့် လွမ်းသူ့ပန်းခြင်း။ Citizen Journalist

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက သူရဦးတင်ဦးရဲ့ ဈာပနအခမ်းအနားကို ဇွန်လ ၅ ရက်နေ့ မနက်ဖြန် နေ့လယ် နှစ်နာရီ ရန်ကုန်က ရေဝေးသုဿန်မှာ ကျင်းပပြုလုပ်သွားမယ်လို့ နာရေးကျင်းပရေးကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ဦးတင်ဦးရဲ့ ရုပ်အလောင်းကို အများပြည်သူဂါရဝပြုနိုင်အောင် နေ့လယ် နှစ်နာရီခွဲကနေ သုံးနာရီခွဲထိ ဖွင့်ပေးဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

"မနက်ပိုင်းအိမ်မှာ ဘုန်းကြီးတွေဆွမ်းကပ်ပြီး ရုပ်ကလာပ်ကို အိမ်ကနေ တစ်နာရီမှာ စသယ်မယ်။ ရေဝေးမှာ နှစ်နာရီခွဲ အခမ်းအနားစမယ်။ နှစ်နာရီခွဲကနေ သုံးနာရီခွဲထိ အများပြည်သူ ဘဘကို ဂါရဝပြုနိုင်အောင် စီစဉ်ထားတယ်၊ သုံးနာရီခွဲကနေ လေးနာရီထိကို အခမ်းအနားလေးလုပ်မယ်၊ လေးနာရီမှာ အုတ်ဂူသွင်းပါမယ်"

ဦးတင်ဦးကို ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သတင်းစာဆရာ ဟံသာဝတီဦးဝင်းတင်ရဲ့ အုတ်ဂူနဲ့ တစ်တန်းတည်း ဂူသွင်းသင်္ဂြိုဟ်မယ်လို့လည်း နာရေးကျင်းပရေးကော်မတီဝင်က ပြောပါတယ်။

"ဘဘဦးဝင်းတင်ဂူနဲ့ တစ်တန်းတည်းမှာ ဂူသွင်းမယ်။ အုတ်ဂူရှစ်လုံးလောက်ပဲ ခြားတယ်။ ဘဘဦးအောင်ရွှေ (NLD ဥက္ကဋ္ဌဟောင်း) အုတ်ဂူ၊ ဦးစိုးဝင်း (ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်) အုတ်ဂူ၊ အာဇာနည်ဦးအုန်းမောင်ဇနီး ဒေါ်သိန်းကြွယ်ရဲ့ အုတ်ဂူဘေးမှာ ဂူသွင်းမယ်"

နာရေးအခမ်းအနားကို စစ်ကောင်စီအဖွဲ့ဝင်တချို့တက်မယ်လို့ သတင်းတွေထွက်နေပေမဲ့ ကော်မတီအဖွဲ့ကတော့ အတည်ပြုပြောဆိုတာ မရှိပါဘူး။

ဦးတင်ဦးသားဖြစ်သူ ဦးသန့်ဇင်ဦးက "ဘယ်သူတွေ တက်မယ်ဆိုတာ အကြောင်းကြားတာမရှိသေးဘူး။ ဂျပန်သံအမတ်ကြီးကတော့ အဖေနဲ့ မိတ်ဆွေရင်းဆိုတော့ လာမယ်။ တရုတ်သံရုံးက နိုင်ငံရေးတာဝန်ခံလာမယ်။ အမေရိကန်သံရုံးကတော့ ဒီနေ့အိမ်လာသွားတယ်" လို့ပြောပါတယ်။

ဦးတင်ဦးရဲ့ နာရေးကို ထောင်တွင်းအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နာမည်နဲ့ လွမ်းသူ့ပန်းခြင်းတစ်ခြင်း ပို့ထားတာလည်း တွေ့ရပါတယ်။ ဒီပန်းခြင်းကို စစ်ကောင်စီတာဝန်ရှိသူတွေက လာပို့သွားတာလည်း ဖြစ်ပါတယ်။

အလားတူ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သမ္မတဟောင်း ဦးထင်ကျော်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နဲ့ နိုင်ငံတကာသံရုံးတချို့ကလည်း လွမ်းသူ့ပန်းခြင်းတွေ ပေးပို့ကြပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း လွမ်းသူ့ပန်းခြင်းနဲ့ သင်္ကန်းတစ်စုံ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org