ထောင်ဒဏ်ရ သတင်းထောက်များ ဦးဝင်းတင်ဖေါင်ဒေးရှင်းက ကူညီမည်

အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း က ငွေကြေးထောက်ပံ့ သွားမယ်လို့ သိရပါတယ်။

ယူနတီသတင်းထောက်တွေ ပြန်လည်လွတ်မြောက်ဖို့ ရခိုင်ပြည်နယ် သတင်းထောက်တွေ စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးမှာ ဇူလိုင်လ ၁၄ ရက်နေ့က ဆုတောင်းစဉ် Photo: Min Thein Aung/RFA

အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက ငွေကြေးထောက်ပံ့သွားမယ် လို့ သိရပါတယ်။

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင်က အခုလိုပြောပါတယ်။

"ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းကတော့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နောက် တခါ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်း သားဟောင်းတွေပါတယ်လေ၊ လုံခြုံရေးကြောင့် အကျဉ်းကျခံ နိုင်ငံရေးသမားလည်းဖြစ်တယ်၊ စာနယ်ဇင်းသမားလည်းဖြစ်တယ်၊ အဲဒါကြောင့် ကျနော်တို့ ရည်ရွယ်ချက်နှစ်ချက်စလုံးမှာပါတယ်၊ သူတို့ကိုမဖြစ်မနေ ဦးစားပေးပြီးတော့ ထောက်ပံ့ မှာဖြစ်တယ်"

ဘယ်လောက်လှူဒါန်းသွားမယ်ဆိုတာကို ဆွေးနွေးပြီး ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ယူနတီဂျာနယ်က ပြစ်ဒဏ်ချခံထားရသူတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ဖို့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအစည်းအဝေးမှာ တင်ပြသွားမယ်လို့ လက်ကျန်င်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးရဲအောင်က ပြောပါတယ်။

"ပုဒ်မ ၅ တို့၊ ပုဒ်မ ၅ ည တို့လည်း ပါပါတယ်၊ နိုင်ငံရေးပုဒ်မတွေလည်း ပါတယ်ပေါ့နော်၊ ကျနော်တို့ အဓိပ္ပါယ်ဖွင့် သတ်မှတ်ထားတဲ့ အောက်ဆုံးပိုဒ်မှာဖြစ်တဲ့ အချက်ထဲမှာ အကျူံးဝင်တာတစ်ခုရှိပါတယ်၊ ဒါဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိနဲ့ တမင်သက်သက်ကို ထောင်ချလိုက်တာပေါ်လွင်တဲ့အတွက် ကျနော်ကတော့ နိုင်ငံရေးအကျဉ်းသားစာရင်းထဲကို ထည့်ချင်ပါတယ်၊ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်လိုက်တဲ့အခါမျိုးမှာ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီမှာလည်း အဲဒီကိစ္စကို တရားဝင်ထည့်သွင်းဆွေးနွေးတော့မှာဖြစ်တယ်"

နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တာကို ကော်မတီမှာ တင်ပြဆွေးနွေးပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒီနေ့မှာပဲ  ရခိုင်ပြည်နယ်အခြေစိုက် သတင်းထောက်တွေကလဲ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦး ပြန်လည်လွတ်မြောက်လာဖို့ ရည်ရွယ်ချက်နဲ့ စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံး ချမ်းသာဘုရားကြီးမှာ ဆုတောင်းခဲ့ကြပါတယ်။

ဒီနေ့ ဆုတောင်းပွဲမှာ ပြည်တွင်း၊ ပြည်ပသတင်းထောက်တွေနဲ့ အလွတ်သတင်းထောက်တွေ စုစုပေါင်း ၂၀လောက် ပါဝင်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org