စစ်သင်တန်းကြောင့် "ဝ"က ထွက်ပြေးလာသူတွေ ကျိုင်းတုံရောက်
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ကာယကံရှင်တွေရဲ့ သဘောဆန္ဒမပါဘဲ ခေါ်ယူ စစ်သင်တန်းပေးနေတဲ့ လားဟူတိုင်းရင်းသား ကျမ်းစာသင် ကျောင်းသူ၊ ကျောင်းသား ၄၀ ကျော် ထဲက ထွက်ပြေးလွတ်မြောက်လာသူ ၂၁ ဦး ကျိုင်းတုံမြို့ကို ရောက်ရှိလာပြီလို့ သိရပါတယ်။
-
2018-12-01 -
-
-
Your browser doesn’t support HTML5 audio
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ကာယကံရှင်တွေရဲ့ သဘောဆန္ဒမပါဘဲ ခေါ်ယူ စစ်သင်တန်းပေးနေတဲ့ လားဟူတိုင်းရင်းသား ကျမ်းစာသင် ကျောင်းသူ၊ ကျောင်းသား ၄၀ ကျော်ထဲက ထွက် ပြေးလွတ်မြောက်လာသူ ၂၁ ဦး ကျိုင်းတုံမြို့ကို ရောက်ရှိလာပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဝဒေသမှာ ကျမ်းစာသင်ကြားနေတဲ့ လားဟူကျောင်းသူ ၂၀ နဲ့ ကျောင်းသား ၂၁ ဦးကို UWSA က အတင်းအဓမ္မခေါ်ဆောင်ပြီး စစ်သင်တန်းပေးနေတာဖြစ်တယ်လို့ လားဟူခရစ်ယာန်အဖွဲ့ချုပ်က သိက္ခာတော်ရ ဆရာတော် ဒေါက်တာ လာဇရု ကပြောပါတယ်။
အဲ့ဒီထဲက ကျောင်းသား ၂၁ ဦး ထွက်ပြေးလွတ်မြောက်လာတာဖြစ်ပြီး ကျိုင်းတုံမြို့က လားဟူ ခရစ် ယာန်အဖွဲ့ချုပ်ထံ တခါထွက်ပြေးလာရင် ၃၊ ၄ ဦးခန့် တဖွဲ့ပြီးတဖွဲ့ရောက်ရှိလာတာ ဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ တပတ်က နောက်ဆုံး ၃ ဦးရောက်ရှိလာတယ်လို့ ပြောပါတယ်။
ကျမ်းစာသင်ကျောင်းသူ၊ ကျောင်းသားတွေကို ဖမ်းဆီးထားတာကို လွှတ်ပေးဖို့ လားဟူပါတီ အပါအဝင် လားဟူစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့၊ လားဟူ အမျိုးသမီးအဖွဲ့၊ လားဟူ ဖွံ့ဖြိုးရေးကွန်ရက် တွေက အစိုးရထံ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက စာပေးပို့ တောင်းဆိုထားတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး UWSA ပြောရေးဆိုခွင့်ရှိသူကို RFA က ဆက်သွယ်မေးမြန်းရာမှာ လားရှိုးရုံး ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ဖမ်းဆီးခံထားရတယ်ဆိုတာ မကြားမိကြောင်း၊ အရင်က ဖမ်းဆီးထားသူတွေကို ချက်ခြင်းပြန်လွှတ်ပေးကြောင်းနဲ့ ဖမ်းဆီးခံထားရသူတွေ ဆက်ရှိနေမယ်ဆိုရင် လာမယ့် ဧပြီလအတွင်း ဝဒေသမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့် အခမ်းအနားအတွက် လုပ်အားပေးခေါ်ယူတာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။
ဖမ်းဆီးခံ ကျမ်းစာသင် လားဟူ ကျောင်းသူ၊ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ ၀ ပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းကို ဦးစွာစာပေးပို့ပေမယ့် တုံ့ပြန်မှု မရှိတာကြောင့် အစိုးရဘက်က နိုင်ငံတော် သမ္မတ၊ သာသနာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနတို့ထံ စာပေးပို့ထားတယ်လို့ လားဟူ ပါတီဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့် ကပြောပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေထဲက ၂၁ ဦးဟာ မိမိ အစီ အစဉ်နဲ့ မိမိထွက်ပြေးလာကြပြီး ကျိုင်းတုံမြို့က လားဟူး ခရစ်ယာန်အဖွဲ့ချုပ်ထံ ရောက်ရှိနေကြပြီ ဖြစ်ပါ တယ်။
ထွက်ပြေးလာတဲ့ ကျောင်းသားတွေအကြောင်း လားဟူ ခရစ်ယာန်အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေး မှူးဖြစ်တဲ့ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ လာဇရု က အခုလိုပြောပါတယ်။
"ထွက်ပြေးလာတာ ဘာမှမပါလာဘူး။ ဘောင်းဘီတိုနဲ့ အကျီတစ်ထည်နဲ့ပဲလေ။ စစ်ဝတ်စုံတွေ အားလုံးချွတ်ခဲ့ရတယ်။ တချို့ဆိုရင် နှစ်ရက် သုံးရက် ထမင်းမစားခဲ့ရဘူး။ တောတောင်တွေ ဖြတ်ပြီးတော့ ကျိုင်းတုံဘက်ကို မျက်နှာမူပြီး ထွက်ပြေးလာရတယ်။ လူကြီးတွေ အစိုးရအဖွဲ့တွေကို တွေ့ပြီးတော့ သူတို့မှတ်ပုံတင်မရှိဘူး။ မှတ်ပုံတင်ရအောင် ဆောင်ရွက်ပေးနေပါတယ်"
လားဟူ တိုင်းရင်းသား နိုင်ငံရေး၊ လူမှုရေးနဲ့ ဘာသာရေး အဖွဲ့အစည်းတွေ အစိုးရထံ ဝိုင်းဝန်းတောင်း ဆိုထားတဲ့ စာမှာဆိုရင် ဝဒေသအတွင်း ခရစ်ယာန် ဘာသာရေး အဆောက်အအုံတွေကို ဖျက်ဆီး ထားတာတွေကို ပြန်ပြင်ပေးဖို့၊ ကျမ်းစာကျောင်းနေရာကို ရဲစခန်းအဖြစ် အသုံးပြုထားတာကို ပြန်ပေးဖို့ စတာတွေ ထည့်သွင်းတောင်းဆိုထားပါတယ်။
ကျောင်းသူ၊ ကျောင်းသားတွေကို ခေါ်သွားတဲ့ ကာလမှာဆိုရင် လားဟူ ခရစ်ယာန်ဘာသာဝင် ဓမ္မဆရာ ၉၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက် ၂၀ ကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေါ်အေးသီတာမြင့် ကပြောပါတယ်။
ဝဒေသမှာ လားဟူတိုင်းရင်းတွေ ကြုံနေရတဲ့ အခက်အခဲတွေကို လားဟူပါတီ ဥက္ကဋ္ဌ ဒေါ်အေးသီတာ မြင့် ကအခုလို ပြောပြပါတယ်။
"လားဟူတွေရဲ့ လယ်တွေဆိုရင်လည်း သူတို့ရောင်းချင်ချင် မရောင်းချင်ချင် သူတို့လိုချင်တဲ့ဟာဆိုရင် ငွေတွေပေးပြီးတော့ ဝယ်တယ်ပေါ့နော်။ အဲ့ဒီဒေသထဲက ထွက်သွားမယ်ဆိုရင်တော့ အချိန်မရွေး ထွက်သွားလို့ရတယ်ဆိုတဲ့ သဘောမျိုးနဲ့ ပြောတယ်။ လက်မှတ်ထိုးပြီး ထွက်လာရတဲ့ ဓမ္မဆရာ ၉၀ ကျော်က ကျမ်းစာလည်း မဖတ်တော့ပါဘူး။ ခရစ်ယာန်ဘာသာတွေကို သက်ဝင်ယုံကြည်မှု မရှိတော့ဘူး။ ဆုမတောင်းတော့ဘူးဆိုပြီး လက်မှတ်ထိုးခိုင်းတာပေါ့။ ဘာသာရေးလွတ်လပ်ခွင့်တွေကို အဲဒီဒေသမှာရှိတဲ့ သူတွေအပြည့်အဝရဖို့ပေါ့"
၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းလောက်က ၀ ဒေသ မှာရှိတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၅၂ ကျောင်းကို ချိတ်ပိတ်ခဲ့ပြီး ဘုရားရှိခိုးကျောင်း ၅ကျောင်းနဲ့ ကျမ်းစာကျောင်း ၁ ကျောင်းကို ဖျက်ပစ်ခဲ့တယ်လို့လည်း ဒေါက်တာ လာဇရု က RFA နဲ့ ဆက်သွယ် မေးမြန်းမှုတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။
ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ လားရှိုးရုံး ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ဖမ်းဆီးခံထားရသူတွေ ဆက်ကျန်ရှိနေမယ်ဆိုရင် လာမယ့် ဧပြီလအတွင်း ဝဒေသမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနားအတွက် လုပ်အားပေးခေါ်ယူတာ ဖြစ်နိုင်ကြောင်း RFA ကို ဒီနေ့ ပြောပါတယ်။
အဲ့ဒီပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို ဖိတ်ကြားဖို့ အစီစဉ်ရှိတယ်လို့လည်း ပြောပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့ထားတာပါ။