အွန်လိုင်းငွေလိမ်လုပ်ငန်းမှာပါဝင်တယ်ဆိုပြီး UWSA အရာရှိနှစ်ဦးကို တရုတ် ဖမ်းဝရမ်းထုတ်

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်ခံရသူတွေထဲမှာ “ဝ” ခေါင်းဆောင် ပေါက်ယူချန်းရဲ့ တူတော်စပ်သူနဲ့ သားမက်ဟောင်းတို့ ဖြစ်တယ်လို့ ပြောကြပါတယ်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်ထားသည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) အရာရှိနှစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ : တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန

Updated: 2:52 AM, Oct 12, 2023

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) အရာရှိနှစ်ဦးကို အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်နေ့မှာ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

ကူမင်းမြို့နဲ့ ဟန်ကျိုးမြို့က အများပြည်သူလုံခြုံရေးဌာနတွေက UWSA “ဝ” အရာရှိနှစ်ဦးကို ကျားဖျန့်လို့ ခေါ်တဲ့ အွန်လိုင်းကငွေလိမ်တဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး သူတို့ကို ဖမ်းမိအောင် သတင်းပေးသူကို တရုတ်ယွမ်တစ်သိန်းကနေ ငါးသိန်းအထိပေးမယ်လို့ ကြေညာထားပါတယ်။

ဖမ်းဝရမ်းထုတ်ခံရသူတွေထဲမှာ လက်ရှိ “ဝ” ပြည်နယ် အစိုးရ ဆောက်လုပ်ရေးဌာနမှူး ပေါက်အိုက်ပန်း (ခေါ်) ပေါက်ယန်ပန် (ခေါ်) ချန်ယန်ပန် ပါဝင်ပြီး သူက အရင် ၄၆၈ တပ်မဟာမှူးလည်းဖြစ်၊ “ဝ” ခေါင်းဆောင် ပေါက်ယူချန်းရဲ့ တူတော်စပ်သူဖြစ်တယ်လို့ သိရပြီး နောက်တစ်ဦးကတော့ UWSA ရဲ့ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် (ခေါ်) အိုက်ဟော့ (ခေါ်) ဟော်ချွင်ထင် ဖြစ်ပြီး သူကလည်း “ဝ” ခေါင်းဆောင် ပေါက်ယူချန်း သားမက်ဟောင်းလို့ ဆိုပါတယ်။

ဒီလူတွေဟာ “ဝ” တပ်ဖွဲ့မှာ လက်ရှိတာဝန်ထမ်းဆောင်သူတွေ ဟုတ်မှန်ကြောင်း တရုတ်နယ်စပ်က တိုင်းရင်းသားအရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဝရမ်းထုတ်ခံရသူနှစ်ဦးဟာ “ဝ” တပ်ဖွဲ့ဝင်တွေ ဟုတ် မဟုတ်နဲ့ အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းမှာ အမှန်တကယ် ပါဝင်ပတ်သက်မှုရှိ မရှိ သိရဖို့ လားရှိုးအခြေစိုက် ‘ဝ’ တပ်ဖွဲ့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို RFA က အွန်လိုင်းကတဆင့် ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

UWSA အဖွဲ့ကတာဝန်ရှိသူနှစ်ဦးကို တရုတ်အစိုးရက ဖမ်းဝရမ်း ထုတ်လိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု USIP က မြန်မာနိုင်ငံဆိုင်ရာအရာရှိ Billy Ford က အခုလို သုံးသပ်ပါတယ်။

"မြန်မာစစ်တပ်ရဲ့မဟာမိတ်ဖြစ်တဲ့ နယ်ခြားစောင့်တပ်တွေရဲ့အကူအညီနဲ့ လည်ပတ်နေတဲ့ ရာဇဝတ် ဂိုဏ်းဂဏအဖွဲ့တွေက နည်းအမျိုးမျိုးနဲ့ ငွေလိမ်တဲ့လုပ်ငန်းတွေ တိုးပွားလာတာကြောင့် တရုတ်အစိုးရအတွက် နစ်နာဆုံးရှုံးမှု အလွန်များပါတယ်။ သုတေသနတွေအရ မနှစ်က တစ်နှစ်တည်းမှာတင် ငွေလိမ်တဲ့လုပ်ငန်းတွေကြောင့် တရုတ်နိုင်ငံမှာ အမေရိကန်ဒေါ်လာဘီလီယံ ၂၀ လောက် ဆုံးရှုံးခဲ့ပါတယ်။ ဒီလို ငွေလိမ်လုပ်ငန်းတွေ အခြေတည်ထားတဲ့ဒေသတွေကို ဝင်ရောက်နှိမ်နှင်းဖို့ တရုတ် အစိုးရက စစ်ကောင်စီကို တွန်းအားပေးနေတာ လပေါင်းတော်တော်ကြာခဲ့ပါပြီ။ နောက်ဆုံး စစ်ကောင်စီက ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူးဆိုတာ သဘောပေါက်သွားတာကြောင့် အခုလို သူတို့ကိုယ်တိုင် နှိမ်နှင်းတဲ့ အဆင့်ရောက်လာတာလို့ ထင်ပါတယ်။"

တရုတ်နိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ ဖိဖိစီးစီးကိုင်တွယ်နေတာလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော က ပြောပါတယ်။

“ဒီသတင်းက သေချာပုံရပါတယ်၊ ဟိုတလောက စီးပွားရေးဖိုရမ်ကို တက်လာတဲ့သူတွေကို ဖမ်းလိုက်တယ်လို့လည်း ကြားတယ်၊ တရုတ်က ငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်လို့ တော်တော်ဖိဖိစီးစီးကို ရှင်းနေတာ၊ ဖြစ်နိုင်ပုံရပါတယ်၊ “ဝ” တို့ဘာတို့လည်း အစောကြီးကတည်းက ကြိုပြောထားတာပဲလေ၊ ပြောထားပေမဲ့ ပြောလို့မရဘူးနဲ့ တူတယ် ဒါကြောင့် ဖမ်းဝရမ်းထုတ်တာ”

အခု တရုတ်အာဏာပိုင်တွေက ဖမ်းဝရမ်းကြေညာလိုက်သူ နှစ်ယောက်ထဲက အိုက်ဟော့ ဆိုသူဟာ ရန်ကုန်မြို့က တရုတ်ငွေလိမ်လုပ်ငန်းတွေလုပ်နေတဲ့ MMB Tower မှာ ရန်ကုန်အဲယားဝေးရုံးခန်း ဖွင့်ခဲ့တဲ့အကြောင်း RFA က ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလ ၅ ရက်နေ့မှာ တင်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံတင်မကဘဲ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုနိုင်ငံတွေက ဆက်စပ်သူတွေကို ဖမ်းဆီးနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက တရုတ်သံရုံးကိုလည်း RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်း “ဝ” နဲ့ ကိုးကန့်ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၂၃၀၀ ကျော်ကို မြန်မာဘက်က ဖမ်းဆီးပြီး တရုတ်ပြည် ပြန်ပို့ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org