တရုတ်က ဖမ်းဝရမ်းထုတ်ထားတဲ့ UWSA ခေါင်းဆောင်နှစ်ဦး ရာထူးကထုတ်ပယ်ခံရ
အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး တရုတ်နိုင်ငံဘက်က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ “ဝ”တပ်ဖွဲ့ ခေါင်းဆောင်နှစ်ဦးကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း “ဝ”တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-10-17 -
-
-
အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး တရုတ်နိုင်ငံဘက်က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ UWSA “ဝ”တပ်ဖွဲ့ ခေါင်းဆောင်နှစ်ဦးကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း “ဝ”တပ်ဖွဲ့က အောက်တိုဘာလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သူတို့နှစ်ဦးဟာ တရုတ်နိုင်ငံရဲ့ဥပဒေကိုချိုးဖောက်ခဲ့ပြီး “ဝ”ဒေသနဲ့ အိမ်နီချင်းနိုင်ငံတွေအပြင် နိုင်ငံတကာနဲ့ဆက်ဆံရေးကိုပါ ထိခိုက်အောင် လုပ်ခဲ့တယ်လို့ UWSA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုနဲ့ ဆက်ဆံရေးကိုပါ ထိခိုက်စေတာကြောင့် လက်ရှိရာထူးကနေ ထုတ်ပယ်လိုက်တာလို့လည်း ဆိုပါတယ်။
လားရှိုးအခြေစိုက် UWSA “ဝ” ဆက်ဆံရေးရုံးတာဝန်ခံ ကိုညီရမ်းကလည်း ဒီကိစ္စမှန်ကန်ကြောင်း RFA ကို အတည်ပြုပြောပါတယ်။
“ထုတ်ပြန်ချက်က မှန်ပါတယ်။ အချက်အလက်တွေကတော့ စာထဲမှာပါတဲ့အတိုင်းပဲ ဖြစ်ပါတယ်”
ရာထူးကနေ ထုတ်ပယ်လိုက်သူနှစ်ဦးကို UWSA ဥပဒေအရ ဘယ်လိုဆက်ပြီး အရေးယူမယ်ဆိုတာနဲ့ တရုတ်နိုင်ငံဘက် လွှဲ၊ မလွှဲ ဆိုတာကိုတော့ ဖြေဆိုခြင်းမရှိပါဘူး။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တယ်လို့ ယူဆထားတဲ့ UWSA “ဝ”ပြည်နယ် ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်းနဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့တို့ နှစ်ဦးကိုဖမ်းမိရင် တရုတ်ယွမ် တစ်သိန်းကနေ ငါးသိန်းအထိ ပေးမယ်ဆိုပြီး တရုတ်နိုင်ငံဘက်က အခုလ ၁၂ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ထားတာပါ။
ဖမ်းဝရမ်း ထုတ်ခံထားရသူတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး RFA အနေနဲ့ တိတိကျကျ မသိရသေးသလို သူတို့နှစ်ဦးစလုံးနဲ့ အဆက်သွယ်ရဖို့ ကြိုးစားခဲ့ပေမယ့်လည်း မရခဲ့ပါဘူး။
UWSA အနေနဲ့လည်း ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်တယ်ဆိုတဲ့ တရုတ်နိုင်ငံသားတွေကိုဖမ်းဆီးပြီး တရုတ်နိုင်ငံဘက် ပြန်လည် လွှဲပြောင်းနေတာပါ။
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနရဲ့ အောက်တိုဘာလ ၁၆ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာနယ်စပ်တစ်လျှောက်ကနေ အခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့အထိ အွန်လိုင်း ငွေလိမ်မှုနဲ့ဆက်စပ်တယ်လို့ သံသယရှိသူ ၄,၆၆၆ ဦးကို လွှဲပြောင်းလက်ခံခဲ့ပြီး အဲဒီထဲမှာ အွန်လိုင်းတရာခံပြေး ၂၀၅ ဦးပါဝင်တယ်လို့ ဖော်ပြထားပါတယ်။