UWSA ထိန်းချုပ်တဲ့မြို့ ငွေလိမ်ဂိုဏ်းမှာ ရောင်းစားခံရတဲ့ မြန်မာလူငယ် ရိုက်နှက်ဒဏ်ရာနဲ့ သေဆုံး

UWSA ထိန်းချုပ်တဲ့ ဝိန်းကောင်မြို့က ငွေလိမ်ဂိုဏ်းတစ်ခုမှာ ရောင်းစားခံတဲ့ မြန်မာလူငယ်တစ်ဦး ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ အောက်တိုဘာ ၆ ရက်နေ့မှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် ရောင်းစားခံရပြီး ရိုက်နှက်ခံရသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည့် မောင်ဇော်သန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

‘၀’ ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) ထိန်းချုပ်တဲ့ ဝိန်းကောင်မြို့က ငွေလိမ်ဂိုဏ်းတစ်ခုမှာ ရောင်းစားခံတဲ့ မြန်မာလူငယ်တစ်ဦး ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ သေဆုံးသွားတယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

သေဆုံးသူအမျိုးသားဟာ အသက် ၂၃ နှစ်အရွယ် မောင်ဇော်သန်းဖြစ်ပြီး ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ် ကနေ ‘၀’ ဒေသမှာ သွားရောက်အလုပ်လုပ်နေသူဖြစ်တယ် လို့ ဆိုပါတယ်။

မောင်ဇော်သန်းဟာ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ‘၀’ ဒေသ မိုင်းပေါက်မြို့က ကာစီနိုဂိမ်းဆိုင်မှာ ဂိမ်းဆော့ရင်း ရှုံးတာကြောင့် အဲဒီဂိမ်းဆိုင်ကို တရုတ်ယွမ် ၁၅၀၀၀ (ကျပ်ငွေ သိန်းခြောက်ဆယ်ကျော်) အကြွေးတင်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံသားတစ်ဦးက သူ့ငွေကိုစိုက်ပေးပြီး သူ့ကို ဝိန်းကောင်မြို့က ငွေလိမ်ဂိုဏ်းတစ်ခုမှာ ပြန်လည် ရောင်းစားခဲ့တာလို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“မိသားစုကို ဖုန်းဆက်တော့ ကာစီနိုရှုံးတဲ့ငွေ သူစိုက်ပေးထားလို့ တရုတ်ယွမ် ၃၆,၅၀၀ (သိန်း ၁၆၀ ကျော်) နဲ့ လာရွေးရမယ်တဲ့။ ကောင်လေးက တရုတ်လိုလည်းတတ်တော့ သူ့ကို တရုတ်နိုင်ငံသား ထင်နေတာဖြစ်မယ်။ မိသားစုက လိုက်သွားပြီး ‘၀’ ရဲတပ်ဖွဲ့ကို တိုင်တော့မှ သူ့ကို ပြန်ရောင်းထားတာ သိရတာ။ မိသားစုကိုပြောတော့ ယွမ် ၃၆,၅၀၀ နဲ့ ရွေးရမယ်ပြောတာ ငွေလိမ်ဂိုဏ်းမှာ သူပြန်ရောင်းစားထားတာက ယွမ် ၂၁၀,၀၀၀ (သိန်း ၉၅၀ နီးပါး) နဲ့ ရောင်းထားတာ”

အောက်တိုဘာလ ၄ ရက်နေ့မှာ မိသားစုက ဝိန်းကောင်မှာရှိတဲ့ ငွေလိမ်ဂိုဏ်းနေရာကို လိုက်သွားခဲ့ရာမှာ မောင်ဇော်သန်းနဲ့ တွေ့ခွင့်မရခဲ့ဘဲ နှစ်ရက်လောက်အထိ စောင့်ခဲ့ရ တယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်း ဝိန်းကောင်မှာရှိတဲ့ ‘၀’ တပ်ဖွဲ့ရဲရုံးကို အကြောင်းကြားပေမယ့်လည်း မောင်ဇော်သန်းနဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ မိသားစုဝင်က ပြောပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့ ည ၇ နာရီလောက်မှာတော့ ဝိန်းကောင်ရဲစခန်းက ဖုန်းဆက်သွယ်လာပြီး နောက်ရက် အောက်တိုဘာ ၆ ရက်နေ့မှာမှ မောင်သန်းဇော်နဲ့ တွေ့ခွင့်ရခဲ့တာလို့ ဆိုပါတယ်။

မောင်ဇော်သန်းကိုတွေ့ ချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးကာနီး အခြေအနေကို တွေ့ခဲ့ရတယ်လို့ မိသားစုဝင်က RFA ကို ပြောပါတယ်။

“အသက်တောင် ပုံမှန်မရှူနိုင်တော့ဘူး တွေ့တဲ့အချိန်မှာ။ တစ်ကိုယ်လုံး ရိုက်နှက်ခံထား ရတဲ့ ဒဏ်ရာတွေနဲ့ ကလေးက အဲနေ့မှာပဲ ဆုံးသွားတာ။ အတွင်းဒဏ်ရာတွေ အတော် များတယ်။ ဒါက မတရားမှုပဲ။ ဒါကို တရားမျှတမှု ရအောင် ဆောင်ရွက်ပေးဖို့ပဲ လိုလား ပါတယ်”

မိသားစုဝင်တွေကတော့ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရတဲ့အပေါ် အမှုမှန်ပေါ်အောင် ဆေးစစ်ချက်တွေယူပြီး ‘၀’ တပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ ပြင်ပ ဆက်ဆံရေးဌာနကို တိုင်တန်းထားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စအပေါ် လားရှိုးအခြေစိုက် ‘၀’ တပ်ဖွဲ့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းရာမှာ ဗဟိုဌာချုပ်ကို မေးမြန်းပြီးမှ ပြန်လည်ဖြေဆိုမယ်လို့သာ ဖြေဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကိုလည်း RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထား ပေမယ့် အကြောင်းမပြန်သေးပါဘူး။

‘၀’ ဒေသ မိုင်းပေါက်၊ ပန်ဆန်းနဲ့ ဝိန်းကောင်မြို့တွေမှာ တရုတ်နိုင်ငံသားတွေဦးဆောင်တဲ့ ငွေလိမ်ဂိုဏ်းတွေ များစွာ ရှိနေပြီး အဲဒီလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ တရုတ်နဲ့ မြန်မာနိုင်ငံသားတွေ လိမ်လည်ရောင်းစားခံနေရတာပါ။

တရုတ်နိုင်ငံဘက်ကလည်း အဲဒီ နယ်စပ်အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ဖိအားပေးနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာတော့ ‘၀’ တပ်ဖွဲ့ဟာ သူတို့ဒေသအတွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ တရုတ်နိုင်ငံသား ၁၃၀၀ ကျော်ကို တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါ တယ်။

ဒီလိုလွှဲပြောင်းပေးခဲ့ပေမယ့် ‘၀’ ဒေသအတွင်းမှာ ကုမ္ပဏီအမည်ခံပြီး တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေ အများအပြားဆက်ရှိနေတုန်းပဲလို့ ‘၀’ ဒေသ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org