UWSA အရာရှိနှစ်ဦးကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ်

အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး တရုတ်နိုင်ငံဘက်က ဖမ်းဝရမ်းထုတ်ထားတဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) အရာရှိနှစ်ဦးကို စစ်ကောင်စီကလည်း ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) အရာရှိနှစ်ဦးကို တွေ့ရစဉ်။ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန

အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး တရုတ်နိုင်ငံဘက်က ဖမ်းဝရမ်းထုတ်ထားတဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) အရာရှိနှစ်ဦးကို စစ်ကောင်စီကလည်း ဖမ်းဝရမ်းထုတ်လိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်းဌာနတွေကနေ အောက်တိုဘာ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုတွေမှာ ပါဝင်တာ၊ လူပြန်ပေးဆွဲမှုတွေ၊ ခြောက်လှန့်တောင်းယူမှုတွေ ကျူးလွန်တာ၊ ကျူးလွန်ဖို့အားထုတ်တာ၊ ကျူးလွန်သူတွေကို အားပေးကူညီတာကြောင့် ဥပဒေအရ အရေးယူဖို့ အောက်တိုဘာ ၁၇ ရက်နေ့က ဟိုပန်ခရိုင်တရားရုံးကနေ ဖမ်းဝရမ်းထုတ်ထားကြောင်း စစ်ကောင်စီလက်အောက်ခံ မြဝတီသတင်းဌာနကနေ အောက်တိုဘာ ၁၈ ရက်ညမှာ ကြေညာခဲ့တာပါ။

တရုတ်နဲ့ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသူနှစ်ဦးက “ဝ” ခေါင်းဆောင် ပေါက်ယူချန်းနဲ့ဆွေမျိုးတော်စပ်သူတွေလို့ တရုတ်နယ်စပ်က တိုင်းရင်းသားအရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။ တစ်ဦးက ပေါက်ယူချန်းနဲ့ တူတော်စပ်သူ ပေါက်အိုက်ပန်းဖြစ်ပြီး နောက်တစ်ဦးကတော့ ပေါက်ယူချန်းရဲ့ သားမက်ဟောင်းဖြစ်သူ အိုက်ဟော့ ဖြစ်ပါတယ်။

သူတို့နှစ်ဦးကို UWSA “ဝ” တပ်ဖွဲ့ကလည်း ရာထူးကနေ ထုတ်ပယ်ထားကြောင်း အောက်တိုဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

သူတို့နှစ်ဦးဟာ တရုတ်နိုင်ငံရဲ့ဥပဒေကိုချိုးဖောက်ခဲ့ပြီး “ဝ” ဒေသနဲ့ အိမ်နီးချင်းနိုင်ငံတွေအပြင် နိုင်ငံတကာနဲ့ ဆက်ဆံရေးကိုပါ ထိခိုက်အောင် လုပ်ခဲ့တယ်လို့ UWSA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုနဲ့ ဆက်ဆံရေးကိုပါ ထိခိုက်စေတာကြောင့် လက်ရှိရာထူးကနေ ထုတ်ပယ်လိုက်တာလို့လည်း ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရသူ နှစ်ဦးထဲက အိုက်ဟော့ဆိုသူဟာ ရန်ကုန်မြို့က တရုတ်ငွေလိမ်လုပ်ငန်းတွေလုပ်နေတဲ့ MMB Tower မှာ ရန်ကုန်အဲယားဝေးရုံးခန်း ဖွင့်ခဲ့တဲ့အကြောင်း RFA က ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလ ၅ ရက်နေ့မှာ တင်ပြခဲ့ပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တယ်လို့ ယူဆထားတဲ့ UWSA “ဝ” ပြည်နယ် ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်းနဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့တို့ နှစ်ဦးကိုဖမ်းမိရင် တရုတ်ယွမ် တစ်သိန်းကနေ ငါးသိန်းအထိ ပေးမယ်ဆိုပြီး တရုတ်နိုင်ငံဘက်က အခုလ ၁၂ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ထားတာပါ။

ဖမ်းဝရမ်း ထုတ်ခံထားရသူတွေရဲ့ ‌အခြေအနေနဲ့ပတ်သက်ပြီး RFA အနေနဲ့ တိတိကျကျ မသိရသေးသလို သူတို့နှစ်ဦးစလုံးနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။

UWSA အနေနဲ့လည်း ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားသူတွေကို တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးနေတာတွေ့ရပါတယ်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနရဲ့ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာနယ်စပ်တစ်လျှောက်ကနေ အခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့အထိ အွန်လိုင်း ငွေလိမ်မှုနဲ့ဆက်စပ်တယ်လို့ သံသယရှိသူ လေးထောင့်ငါးရာကျော်ကို လွှဲပြောင်းလက်ခံခဲ့ပြီး အဲဒီထဲမှာ အွန်လိုင်းတရားခံပြေး ၂၀၅ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org