နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြဖို့ ၀ အဖွဲ့က တိုက်တွန်း
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ဝပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော် UWSA က ဒီနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
-
2016-11-24 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA က ဒီနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ တွန်းအားပေးတာဖြစ်ပြီး ၀ တပ်မတော်အနေနဲ့ ဘယ်လိုပါဝင်ဆောင်ရွက်ပေးရမလဲ ဆိုတာနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာတာလို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ပြောပါတယ်။
"နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ပါပဲ တွန်းအားပေးတာပါ။ ကျနော်တို့အနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ရမလဲ ဘယ်လိုတွန်းအားပေးရမလဲ ဆိုတာမျိုးတွေပါ"
ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို စောင့်ကြည့်နေပြီး အစိုးရတပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်MNDAA နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား အပစ်ရပ်ပြီးတွေ့ဆုံဆွေးနွေးကြဖို့၊ နိုင်ငံရေးအရ ဖြေရှင်းကြဖို့၊ တွေ့ဆုံဆွေးနွေးဖို့အတွက် UWSA အနေနဲ့ ကူညီဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီနေ့ထုတ်ပြန်တဲ့ UWSAရဲ့ ကြေညာချက်ဟာ တရုတ်ဘာသာစကားနဲ့ ထုတ်ပြန်တာဖြစ်ပြီး မနက်ဖြန်မှာ မြန်မာ ဘာသာစကားနဲ့ ထုတ်ပြန်ပေးသွားမယ်လို့ ဦးညီရန်းကပြောပါတယ်။
တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကြား နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်ပွားနေ တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် နိုဝင်ဘာလ ၂၂ ရက်နေ့အထိ အရပ်သား ၅ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။