ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာက နေအိမ်တွေ မီးရှို့ခံရ


2019.09.04
uyinthar-village-fired-622.jpg ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာကျေးရွာ မီးလောင်နေတာကို မြင်တွေ့ရစဉ်
ဓါတ်ပုံ - သျှင် ထွီးခိုင်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က အိမ်ခြေ ၅၀ ကျော်ရှိတဲ့ ဥယျာဉ်သာကျေးရွာမှာ ဒီနေ့ နေ့လယ် ၂ နာရီလောက်ကနေ ညနေ ၄ နာရီကျော်လောက်အထိ နေအိမ်တွေကို မီးရှို့ခံခဲ့ရတယ်လို့ အဲဒီရွာအနီး အနားမှာရှိတဲ့ မျက်မြင်ဒေသခံတွေကပြောပါတယ်။

နေ့လယ် ၂ နာရီလောက်ကနေစပြီး ရွာထဲက မီးတောက်တွေ၊ မီးခိုးလုံကြီးတွေ ထွက်ပေါ်လာတာကို ခပ်လှမ်းလှမ်းကနေ မြင်တွေ့ကြရတာဖြစ်ပြီး အဲဒီရွာမှာ လူမရှိတော့တာကြောင့် အိမ်ဘယ်နှစ်လုံး မီးရှို့ခံရတယ်ဆိုတာနဲ့ ဘယ်သူတွေက ရှို့သွားတယ်ဆိုတာကို မသိရဘူးလို့ ရွာသားတွေကပြောပါတယ်။

ဥယျာဉ်သာကျေးရွာနဲ့ အနီးဝန်းကျင်ဒေသမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့တိုက်ပွဲတွေကြောင့် ကျေးရွာသားတွေအားလုံးဟာ ပြီးခဲ့တဲ့ ဇွန်လကပင် ဘူးသီးတောင်မြို့ပေါ်နဲ့ စေတီတောင်၊ ကြာညိုပြင်ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

အခုလက်ရှိမှာလည်း ပြီးခဲ့တဲ့ တစ်ပတ်လောက်ကပင် အဲဒီကျေးရွာနဲ့အနီးဝန်းကျင်မှာ နေ့စဉ်ပစ်ခတ်မှုတွေ ရှိနေသလို ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ကလည်း ရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ ဒီနေ့အိမ်တွေကို မီးရှို့တာဟာ မြန်မာ့တပ်မတော်ရဲ့ လက်ချက်ဖြစ်ပြီး ဒီနေ့ နေ့လယ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွာထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်လာပြီးနောက် မီးရှို့ခဲ့တာလို့ ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အဲဒီရွာအနီးဝန်းကျင်မှာ နှစ်ဘက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားရာကနေ နေအိမ်တွေ မီးလောင်သွားတာဖြစ်နိုင်ကြောင်း ပြောပါတယ်။

ဒါ့အပြင် လူတွေမရှိတော့တဲ့ ဥယျာဉ်သာရွာထဲမှာ အေအေ အဖွဲ့က အခြေပြုနေတာကြောင့် အဲဒီရွာအနီးဝန်းကျင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ကပင် နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီနေ့မှာတော့ အေအေ အဖွဲ့ အလောင်း ငါးလောင်းကို ရရှိခဲ့တယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။