အချက် ၄ချက်ကြောင့် နိုင်ငံတော်အတိုင်ပင်ခံ ကုလညီလာခံ မတက်ဖြစ်
မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အခြေခံပြီး ပြည်တွင်းမှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေကတဆင့် လူမျိုးရေး ဘာသာရေး ပဋိပက္ခဖန်တီးမှုတွေ ရှိနေတဲ့အခြေအနေအပါအဝင် အချက် ၄ ချက်ကြောင့် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
-
2017-09-13 -
-
-
မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အခြေခံပြီး ပြည်တွင်းမှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတွေက တဆင့် လူမျိုးရေး ဘာသာရေး ပဋိပက္ခဖန်တီးမှုတွေ ရှိနေတဲ့အခြေအနေအပါအဝင် အချက် ၄ ချက်ကြောင့် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂအထွေထွေညီလာခံ မတက်ရောက်တာနဲ့ပတ်သက်ပြီး ဒီနေ့ သမ္မတ အိမ်တော်မှာ ဦးဇော်ဌေးက ရှင်းလင်းရာမှာ ပြောခဲ့တာဖြစ်ပါတယ်။
"ဒီဖြစ်စဉ်ကို ပြန်ကြည့်လိုက်ရင် ဘင်္ဂါလီတွေက မြောက်ဘက်ကိုပြေးတယ်၊ တိုင်းရင်းသားတွေက တောင်ဘက် ကိုပြေးတယ်၊ စစ်တွေဘက်အထိ ပြေးကြတာပေါ့နော်၊ လူသားချင်းစာနာထောက်ထားမှုတွေ ချက်ချင်းလုပ်ရ တာပေါ့နော်၊ အဲ့ဒါတွေလုပ်ဖို့ရှိတယ်၊ အဲ့ဒါနံပါတ် ၁ အချက်ပေ့ါနော်၊ နံပါတ် ၂ အချက်ကတော့ ပြည်တွင်းမှာ ရခိုင်ပြည်နယ် မောင်တောပြဿနာနဲ့ ပတ်သက်ပြီးတော့ အစိုးရကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေရှိပါတယ်၊ လူမျိုးရေး ဘာသာရေးဘက်ကို ဆွဲသွားတဲ့ ပဋိပက္ခဖန်တီးမှုတွေလည်းရှိတယ်၊ ကျနော်တို့ပြည်တွင်းမှာ တည်ငြိမ်မှုအတွက် အထူးအလေးထားပြီးတော့ လုပ်နေရတယ့်အနေအထားရှိပါတယ်၊ နောက်တတိယအချက်က အကြမ်းဖက် တိုက်ဖျက်မှု လုပ်နိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေရှိတယ်၊ အဲ့အပေါ်မှာလည်း ကျနော်တို့ မြန်မာနိုင်ငံ မြို့ကြီးတွေမှာ အကြမ်းဖက်တိုက်ခိုက်မယ်ဆိုတဲ့ ပြောကြားချက်တွေ သတင်းအချက်အလက်တွေရတယ်၊ အဲ့ဒါလည်း လုံခြုံရေးအရ အထူးအလေးထားဆောင်ရွက်နေတဲ့ အနေအထားရှိတယ်၊"
ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်တာဟာ မောင်တောကိစ္စနဲ့ ပတ်သက် ပြီး မြန်မာအစိုးရက ကိုင်တွယ်ဖြေရှင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ ပြည်ပနိုင်ငံတချို့ရဲ့ စွပ်စွဲချက်တွေကို ဝန်ခံရာရောက်နေမလားဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဦးဇော်ဌေးက ငြင်းဆိုခဲ့ပါတယ်။
လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော် အခြေပြမိန့်ခွန်းကို ဒေါ်အောင်ဆန်းစုကြည် ပြောကြားမှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ အဲဒီ မိန့်ခွန်းပြောပွဲကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ တက်ရောက်နိုင်အောင် စီစဉ်ပေးထားမှာဖြစ်ပြီး နိုင်ငံတကာသံတမန်တွေအပြင် မြန်မာနိုင်ငံမှာ သံရုံးမစိုက်နိုင်တဲ့ နိုင်ငံတွေကလည်း လာတက်နိုင်အောင် ဖိတ်ကြားမှာဖြစ်ကြောင်းပြောပါတယ်။
အဲဒီမိန့်ခွန်းပြောပွဲဟာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ တကယ့်အဖြစ်မှန်ကို တစ်ကမ္ဘာလုံးကို ပြောမယ့်သဘောဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး မိုင်တိုင်အမှတ် ၃၀ ကနေ ၄၇ ကြားမှာ ကျိုးပေါက်နေတာတွေ တော်တော်များပြီး အဲဒီနေရာတွေကနေ ဝင်ထွက်သွားလာမှုတွေ ရှိနေတာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ နယ်စပ်ခြံစည်းရိုး ကာရံဖို့အတွက် ဘတ်ဂျက် ၅ ဘီလီယံ ချထားပေးထားတယ်လို့ သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နယ်စပ်ခြံစည်းရိုးတွေကို ပိုပြီးအဆင့်မြင့် မားအောင်လုပ်ဖို့နဲ့ အဲဒီအတွက် လိုတဲ့ဘတ်ဂျက်ကို ချက်ချင်းဖြည့်ဆည်းပေးဖို့ ညွှန်ကြားထားတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။
၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူနဲ့ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေး ဦးသောင်းထွန်းတို့ တက်ရောက်မှာဖြစ်ပါတယ်