ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ပွဲ ကနေဒါမှာ ကျင်းပမယ်
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့အဖြစ် ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့က မြို့သူမြို့သားတွေက အထိမ်းအမှတ်ပွဲတခု ကျင်းပမယ်လို့ သိရပါတယ်။
-
2011-06-11 -
-
-
ဇွန်လ ၁၈ ရက်နေ့မှာ ကျင်းပမယ့် ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည် အကြောင်း စာအုပ် ရေးသားထုတ်ဝေခဲ့တဲ့ သတင်းစာဆရာ တဦးလည်းဖြစ်၊ အရင် ဗုဒ္ဓဘာသာ ရဟန်းဘဝနဲ့ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူလည်း ဖြစ်တဲ့ Alan Clements က ဦးဆောင်မယ်လို့ ကနေဒါနိုင်ငံ ဗန်ကူးဗားက လာတဲ့ သတင်းတွေမှာ ရေးသားထားပါတယ်။
ဒီ မွေးနေ့ပွဲဟာ မြန်မာနိုင်ငံမှာ အခုလ ၂၂ ရက်နေ့မှာ စတင်ဖို့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ် လုံခြုံရေးအတွက် နိုင်ငံတကာက သိရှိ သတိထားမိစေဖို့ ရည်ရွယ်တယ်လို့ Mr. Clements က ပြောပါတယ်။
၂ဝဝ၃ ခုနှစ် နယ်ခရီးစဉ်မှာ ဒီပဲယင်း တိုက်ခိုက်မှုနဲ့ ကြုံခဲ့တာကို ကိုးကားပြီး အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ လုပ်ကြံခံခဲ့ရတဲ့ ပါကစ္စတန်က ခေါင်းဆောင်ဟောင်း ဘနာဇီယာ ဘူတို၊ အိန္ဒိယက မဟတ္ထမဂန္ဒီတို့ရဲ့ ခရီးစဉ်တွေလို အချိန်မရွေး ဖြစ်သွားနိုင်တဲ့အတွက် သူ့အနေနဲ့ အထူး စိုးရိမ်မိကြောင်း သတင်းစာဆရာ Mr. Clements က ဗင်ကူးဗားထုတ် သတင်းစာတစောင်ကို ပြောကြားပါတယ်။
Alan Clements ဟာ ၁၉၉၈ ခုနှစ်က ‘Aung San Suu Kyi: Voice of Hope’ စာအုပ်နဲ့ ၂ဝဝ၈ ခုနှစ်က ‘Voice of Hope: Aung San Suu Kyi Conversations with Alan Clements’ စာအုပ်တွေကို ရေးသား ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။