ဒုတိယ သမ္မတ နုတ်ထွက်
ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ စတုတ္ထအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။
-
2012-07-04 -
-
-
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဒီကြေညာချက်ကို အခုလို ဖတ်ပြပါတယ်။
"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးသည် ၎င်း၏ ကျန်းမာရေး အခြေအနေအရ ဆန္ဒအလျောက် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်မှစ၍ ဒုတိယ သမ္မတ ရာထူးတာဝန်မှ နုတ်ထွက်ပါကြောင်း"
ဦးတင်အောင်မြင့်ဦးဟာ ကျန်းမာရေး အခြေအနေကြောင့် စင်ကာပူနိုင်ငံတွင် ဧပြီလ ၁၈ ရက်နေ့မှ စတင်ကာ မေလ ၁၄ ရက်နေ့အထိ ဆေးကုသမှု ခံယူခဲ့ပြီး ပြန်လည် သက်သာလာခြင်း မရှိတဲ့အတွက် ဇွန်လ ၃၀ ရက်နေ့အထိ ၎င်းရဲ့နေအိမ်မှာ အနားယူနေခဲ့တယ်လို့ သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ သူဟာ ရေရှည်ဆေးဝါးကုသဖို့ လိုအပ်တဲ့အတွက် ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဒုတိယ သမ္မတ အဖြစ်က နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးဟာ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်တင်မြှောက်ခြင်း ခံရသူဖြစ်တဲ့အတွက် လစ်လပ်သွားတဲ့ သူ့ရဲ့နေရာကို စစ်တပ်ကိုယ်စားလှယ် အစုအဖွဲ့က ခုနှစ်ရက်အတွင်း ရွေးချယ်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောပါတယ်။
"လစ်လပ်သွားသော ဒုတိယ သမ္မတရာထူးနေရာတွင် ဖြည့်စွက်နိုင်ရေးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတရွေးချယ်ရေးဆိုင်ရာ နည်းဥပဒေ ၂၄၊ ၂၅ နှင့်အညီ ဒုတိယ သမ္မတ တစ်ဦးအား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက် (အင်္ဂါနေ့) နောက်ဆုံးထား ရွေးချယ်တင်မြှောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ ပါ သတ်မှတ် အရည်အချင်းများနှင့် သက်ဆိုင်သော အကြောင်းအရာများ ပါဝင်သည့် ကိုယ်ရေး အချက်အလက်များနှင့်အတူ ဒုတိယ သမ္မတ အမည်စာရင်းကို နာယကထံ တင်ပြရန် ဖြစ်ကြောင်း ညွန်ကြားပါတယ်"
အသစ်ရွေးချယ် တင်မြှောက်မဲ့ ဒုတိယ သမ္မတဟာ ပြည်သူအများ ယုံကြည်အားထားမှုရှိပြီး တိုင်းပြည် အေးချမ်းသာယာရေး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သူမျိုး ဖြစ်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ ဒီစီးပွားရေးစနစ်၊ နိုင်ငံရေးစနစ်ကို အကုန်လုံး လိုက်လျောညီထွေမှုရှိအောင် ပြောင်းလဲနိုင်တဲ့ ပုဂ္ဂိုလ်မျိုး၊ တိုင်းရင်းသားတွေနဲ့ စည်းစည်းလုံးလုံးနဲ့ ပဋိပက္ခကို အဆုံးသတ်နိုင်တဲ့ လမ်းကြောင်းကို ရှာနိုင်တဲ့ပုဂ္ဂိုလ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ရွေးချယ်ပေးနိုင်တယ် ဆိုလို့ရှိရင် ငြိမ်းချမ်းမှု ဖော်ဆောင်တဲ့ ကဏ္ဍမှာလည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။ တပ်မတော်သားတွေရဲ့ ရင်ထဲမှာလည်း ကျေနပ်နှစ်သိမ့်သွားနိုင်ပါတယ်။ ပြည်သူ ပြည်သားတွေရဲ့ ရင်ထဲမှာလည်း ဝမ်းပန်းတသာ ကြိုဆိုကြမှာ ဖြစ်သလို နိုင်ငံရေးပါတီ အားလုံးကလည်းပဲ သမ္မတကြီး သွားနေတဲ့ လမ်းကြောင်း ဖြောင့်ဖြူးနိုင်ဖို့အတွက် တပ်မတော်သားတွေ ကိုယ်နှိုက်ကိုက ရွေးပေးတဲ့ ပုဂ္ဂိုလ်ဆိုပြီးတော့ ကျွန်တော်တို့ အကုန်လုံး ဝမ်းပန်းတသာ ကြိုဆိုကြရမဲ့ အဖြစ်မျိုး ဖြစ်အောင် ပုံဖော်နိုင်မဲ့ ဒီမြင်ကွင်းမျိုး ဖြစ်ဖို့ ကျွန်တော်တို့ ဆန္ဒပြုပါတယ်"
လစ်လပ်နေပြီဖြစ်တဲ့ ဒုတိယ သမ္မတ နေရာအတွက် လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနဲ့ အမှတ် ၂ စက်မှု ဝန်ကြီး ဦးစိုးသိန်းတို့ကို ထင်ကြေးပေး ပြောဆိုနေကြပါတယ်။
ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန်ဟာ အစိုးရအဖွဲ့ ဝန်ကြီးနေရာတွေကို အစားထိုး ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ဖို့ရှိပြီး သဘောထား တင်းမာသူတွေအဖြစ် သတ်မှတ်ခံနေရတဲ့ ဝန်ကြီး ၃ ဦးကို ဖယ်ရှားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။