ပျဉ်မနားမြို့အနီး နေအိမ်တွေ နေပြည်တော်က အဓမ္မဖျက်သိမ်း

ပျဉ်မနားမြို့အနီး ဆိပ်နံတုန်းရွာက အိမ်တွေကို နေပြည်တော် စစ်တပ်၊ ရဲနဲ့ စည်ပင်သာယာအဖွဲ့က အဓမ္မ လိုက်လံဖျက်သိမ်းနေတာ အိမ်ခြေ ၁ ထောင် လောက် ရှိနေပြီလို့ RFA က စုံစမ်းသိရှိရပါတယ်။

ဆိပ်နံတုန်းရွာဟာ ပျဉ်းမနား အနောက်ဘက် ၂ မိုင်ကျော်ကျော်သာ ဝေးတဲ့ ပြန်ကပြေးရွာနဲ့ ငလိုက်ချောင်းပဲ ခြားပြီး အိမ်ခြေ ၂ ထောင်လောက်ရှိတဲ့ ရွာကြီးတရွာ ဖြစ်ပါတယ်။ အဲဒီ ဆိပ်နံတုန်းရွာက အိမ်တွေကို လွန်ခဲ့တဲ့ လေးရက် ဇန်နဝါရီလ ၁ဝ ရက်နေ့က စပြီး ဒီကနေ့အထိ လိုက်ဖျက်နေတာလို့ ဒေသခံ ရွာသားတဦးက RFA ကိုပြောပါတယ်။

အခု အိမ်တွေဖျက်နေတဲ့ နေပြည်တော်စစ်တပ်၊ ရဲနဲ့ စည်ပင်အဖွဲ့ဟာ အခုလို ဖျက်သိမ်းမယ့်အကြောင်း ပြည်သူကို ကြိုတင် မပြောသလို နေစရာ အစားထိုး ပြန်ပေးမယ်ဆိုတဲ့ အစီအစဉ် မတွေ့ရတဲ့အတွက် ကလေး၊ လူကြီး ရာနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ဘဝ ရောက်နေပြီလို့ ဆိုပါတယ်။

ဒီ အိမ်ဖျက်အဖွဲ့ဟာ ဒေသခံ ပြည်သူတွေအပေါ် မောက်မောက်မာမာ ဆက်ဆံတာ၊ လက်လွတ်စပယ် ဥပဒေမဲ့ ရိုက်နှက် ဖမ်းဆီးတာတွေ လုပ်လေ့ရှိတဲ့အတွက်လည်း ဒေသခံတွေက ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အစိုးရရဲ့ နေပြည်တော်သာယာရေး စီမံကိန်းတရပ်အဖြစ် ငလိုက်ချောင်းကို ချဲ့ထွင်ပြီး သင်္ဘော သွားလာနိုင်တဲ့အထိ တည်ဆောက်မယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပေါ်နေသလို အဲဒီ စီမံကိန်းအတွက် ချောင်းထဲမှာ စက်ပစ္စည်းတွေ ရောက်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိပ်နံတုန်းရွာက အိမ်တွေ ဖျက်ပြီးရင် အဲဒီရွာနဲ့ ချောင်းသာ ခြားတဲ့ ပြန်ကပြေးရွာ ဘက်ကို ရောက်လာဦးမှာလား ဆိုပြီး ပြန်ကပြေးရွာသားတွေလည်း စိုးရိမ် ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org