ကမ္ဘာမှာ အာဏာသုံးဖိနှိပ်မှုတွေ ရှင်သန်နေဆဲလို့ HRW ပြောကြား

၂၀၂၁ ခုနှစ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ အာဏာသုံးဖိနှိပ်မှုတွေ၊ ဒီမိုကရေစီ အပေါ် ခြိမ်းခြောက်မှုတွေကတော့ ကမ္ဘာ့နေရာအများမှာ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့မှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့က တွေ့ရစဉ်

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း၊ အာဏာသုံး ဖိနှိပ်မှု နဲ့ ဒီမိုကရေစီကို ခြိမ်းခြောက်မှုတွေ အထင်အရှား ပေါ်ပေါက် ခဲ့ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တရုတ်၊ ရုရှား နဲ့ ဗင်နီဇွဲလားနိုင်ငံတွေမှာ နိုင်ငံရေးအရ အမြင်မတူသူတွေ သုတ်သင်ခံရတာ၊ မြန်မာ နဲ့ ဆူဒန်နိုင်ငံတွေမှာ နုနယ်လှသေးတဲ့ ဒီမိုကရေစီ ကျရှုံးသွားရတာ၊ ဘရာဇီးလ်၊ ဟန်ဂေရီ၊ အယ်လ်ဆာဗေဒို နိုင်ငံတွေက အာဏာသုံး အစိုးရတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး၊ HRW နှစ်လည် အစီရင်ခံစာကို ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်လိုက်ပါတယ်။

စာမျက်နှာ ၇၀၀ ပါ အဲဒီ အစီရင်ခံစာမှာ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံအများစုရဲ့ အခြေအနေတွေကို သုံးသပ်ထားပြီး၊ တူရကီ၊ ထိုင်း၊ အီဂျစ် စတဲ့ နိုင်ငံတွေရဲ့ လွတ်လပ်မှု ယိုယွင်းကျဆင်းနေတဲ့ အခြေအနေတွေ၊ တူနီးရှား နဲ့ ချက်သမ္မတနိုင်ငံတွေလို ဒီမိုကရေစီမဆန်တဲ့ အာဏာလွှဲပြောင်းမှုတွေ၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယမှာလို စိုးရိမ်ဖွယ်ကောင်းတဲ့ အလွဲသုံးစားမှုတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ ဒီမိုကရေစီ တောင်းဆိုလိုလားမှုဟာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး မနှစ်က ကျုးဘားနိုင်ငံရဲ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေ၊ မြန်မာ နဲ့ ဆူဒန်မှာ စစ်တပ်အာဏာသိမ်းမှုတွေအပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Kenneth Roth က ပြောပါတယ်။

ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ရောဂါ ကျရောက်ခဲ့တဲ့ ဒုတိယနှစ်အတွင်း အာဏာရှင်တွေ၊ အာဏာသုံး ခေါင်းဆောင်တွေက ကျန်းမာရေးလုပ်သားတွေ၊ စာနယ်ဇင်းသမားတွေ၊ ဝေဖန်သူတွေကို ခြိမ်းခြောက် ထိန်းသိမ်းပြီး အသံတိတ်အောင် လုပ်လေ့ရှိပါတယ်။ အဲဒီလို လုပ်ရပ်မျိုးတွေကို အီဂျစ်၊ အိန္ဒိယ၊ ဟန်ဂေရီ၊ မက္ကဆီကို၊ နီကာရာဂွာ နဲ့ ဗင်နီဇွဲလားလို နိုင်ငံတွေမှာ တွေ့ရလေ့ရှိပါတယ်။ တချို့ကိစ္စတွေမှာလည်း အစိုးရတွေက ကပ်ရောဂါကို လိုသလို အသုံးချတာမျိုး ရုရှား နဲ့ ကျူးဘားမှာ တွေ့ရပါတယ်။ အလားတူ ဟောင်ကောင် ရဲ့ လွတ်လပ်ရေးကို တရုတ်က ဖိနှိပ်ချိုးနှိမ်ထားတဲ့အပေါ်လည်း HRW လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာက ရှုတ်ချထားပါတယ်။ ဒါ့ပြင် ရှင်ကျန်းပြည်နယ်က လူနည်းစု ဝှီးဂါ မွတ်စလင်တွေကို တရုတ် အစိုးရက ဖိနှိပ်နေပြီး၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျုးလွန်နေတဲ့အပေါ် ကုလသမဂ္ဂ အနေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်ရှုတ်ချဖို့ ပျက်ကွက်နေတာကိုလည်း ထောက်ပြထားပါတယ်။

ရုရှားနိုင်ငံမှာတော့ ကျင့်သုံးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အလွဲသုံးစားပြုမှုတွေ ပေါ်ပေါက်ခဲ့ပြီး၊ အတိုက်အခံ ခေါင်းဆောင် အဆိပ်ခတ်လုပ်ကြံဖို့ ကြိုးစားခံခဲ့ရသလို၊ နီကာရာဂွာမှာလည်း အတိုက်အခံ‌ ခေါင်းဆောင် Daniel Ortega ဟာ ရွေးကောက်ပွဲမတိုင်ခင် ထောင်ချခံခဲ့ရတာပါ။ အာဏာရှင်တချို့ဟာ အာဏာမှာ ဆက်လက်နေထိုင်ဖို့သာ ဆုံးဖြတ်ထားကြပြီး၊ တိုင်းပြည်ကို ဘေးဒုက္ခ အကျပ်အတည်းတွေဆီ ဦးတည် ခေါ်ဆောင်သွားနေတယ်ဆိုတာ မသိမြင်ကြဘူးလို့ ဆီးရီးယား သမ္မတ အာဆတ် နဲ့ ဗင်နီဇွဲလားသမ္မတ နီကိုလတ် မဒူရို တို့ကို ဥပမာ ပေးပြီး HRW လူ့အခွင့်အရေးအဖွဲ့က ပြောဆိုပါတယ်။ ဆီးရီးယား သမ္မတ အာဆတ် ဟာ၊ ရုရှားရဲ့ အကူအညီ နဲ့ နိုင်ငံတွင်းက ဆေးရုံတွေ၊ ကျောင်းတွေ၊ ဈေးတွေနဲ့ လူနေ ရပ်ကွက် တွေကို၊ ရုရှားရဲ့ အကူအညီနဲ့ ဗုံးကြဲခဲ့တာပါ။ ဗင်နီဇွဲလားသမ္မတ နီကိုလတ် မဒူရို ကတော့ နိုင်ငံ့စီးပွားရေး ပျက်ပြားသွားတဲ့အထိ၊ ငွေကြေး ဖောင်းပွမှု မတန်တဆ ကြီးမားအောင် ဆောင်ရွက်ခဲ့လို့၊ သန်းနဲ့ချီတဲ့ ပြည်သူတွေ၊ နိုင်ငံက ထွက်ပြေးခဲ့ကြရပါတယ်။

မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းသူတွေဟာ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်၊ အဓမ္မကျင့်၊ အတိုက်အခံ တွေကို တရားစွဲဆို ဖမ်းဆီးထောင်ချနေတာပါ။ စစ်တပ်အာဏာသိမ်းမှုတွေ အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ဟာ၊ ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အစိုးရအဖွဲ့ဝင် တချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အာဏာသိမ်းအပြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က အရပ်ဘက်ပြည်သူ အနည်းဆုံး ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ရာမှာ၊ ကလေးသူငယ် ၇၅ ဦးအပါအဝင်၊ ဆန္ဒပြပြည်သူ ၈၇၀၀ ကျော် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပါတယ်။ ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ စာနယ်ဇင်းသမားတွေ ပါဝင်ပါတယ်။ ဒီအတွင်း တိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခတွေ ပိုမိုမြင့်တက်လာနေကြောင်း HRW လူ့အခွင့်အရေး အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org