အကြွေးကဒ်စနစ်အောင်မြင်ဖို့ ငါးနှစ်အထိ အချိန်ယူရမည်


2013.08.18

ငွေစက္ကူ အဓိက သုံးစွဲနေတဲ့ မြန်မာနိုင်ငံမှာ အကြွေးကဒ် စနစ် အပြည့်အ၀ ထူထောင်နိုင်ဖို့ သုံးနှစ်ကနေ ငါးနှစ် အထိ အချိန်ယူရလိမ့်မယ်လို့ Visa International အကြွေးကဒ် ကုမ္ပဏီ ကပြောပါတယ်။

Visa ဟာ မြန်မာနိုင်ငံကို မနှစ်က စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး၊အကြွေးကဒ်စနစ်ဆိုင်ရာ အခြေခံ အုတ်မြစ်ချတဲ့ လုပ်ငန်းနဲ့၊ မြန်မာ ငွေကြေးလုပ်ငန်းတွေကို လေ့ကျင့်ပေးတဲ့အလုပ်တွေ အတွက် တစ်နှစ် လောက် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

အခုအခါ Visa ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဘဏ် (၈) ခု နဲ့ ချိတ်ဆက်ဆောင်ရွက်နေပြီး၊ အဲဒီထဲက ဘဏ် (၄ ) ခု မှာ Visa အကြွေးကဒ်၊ ဘဏ်ကဒ်တွေကိုသုံးပြီး ATM ငွေထုတ်စက် တွေကနေ ငွေထုတ်ယူနိုင်ပြီလို့ သိရပါတယ်။

ကျန်တဲ့ ဘဏ် (၄) ခုမှာလည်း ဒီနှစ်အတွင်း ငွေထုတ်နိုင်အောင် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ Visa ကဒ် လိုင်စင်ရထားပြီး ဘဏ် (၄) ခုမှာ လောလောဆယ် ငွေထုတ်စက် (၁၀၀) ဝန်းကျင် တပ်ဆင်ပေးထားပြီး ၊ လာမယ့်သုံးနှစ်ကနေ ငါးနှစ်အတွင်း နယ်တွေမှာပါ အကြွေးကဒ်တွေ အသုံးပြုနိုင်တော့မယ်အပြင်၊အင်တာနက်ကတဆင့်လည်း ဈေးဝယ်နိုင်တော့မယ်လို့ပြောပါတယ်။

အဲဒီအချိန်မှာ နော်ဝေး Telenor နဲ့ ကာတာ Ooredoo တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီတွေ ရဲ့ ဝန်ဆောင်မှုတွေနဲ့ အီလက်ထရောနစ် ငွေပေးငွေယူ ကွန်ရက် စနစ် ကြီးထွားကျယ်ပြန့်လာမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။