ကြိုတင်မဲပေးဖို့ဆန္ဒရှိသူစာရင်း သာယာဝတီထောင်မှာ ကောက်ခံ
ပဲခူးတိုင်းဒေသကြီး သာယာဝတီ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေ လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ ဆန္ဒရှိ မရှိ သာယာဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင်နဲ့ အကျဉ်းဦးစီးဌာနက စာရင်းကောက်ယူနေပါတယ်။
-
2015-10-02 -
-
-
Your browser doesn’t support HTML5 audio
ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေ လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ ဆန္ဒရှိ မရှိ သာယာဝတီမြို့နယ် ရွေးကောက် ပွဲကော်မရှင်နဲ့ အကျဉ်းဦးစီးဌာနက စာရင်းကောက်ယူနေပါတယ်။
အချုပ်ကျနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဝန်းရံသူတွေဟာ အကျဉ်းထောင်ထဲမှာ ရက်ပေါင်း ၁၈ဝ ကျော် နေ ထိုင်ပြီးဖြစ်တာကြောင့် သာယာဝတီမှာပဲ မဲပေးမလား၊ မူလနေရပ်မှာ မဲပေးမလားဆိုတာကို စာရင်းကောက်ယူနေ တာဖြစ်တယ်လို့ သာယာဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောပါတယ်။
"ကျနော်တို့က ဒီအကျဉ်းဦးစီးက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို ထောင်ထဲမှာကျောင်းသားတွေက ရက်ပေါင်း ၁၈ဝ ကျော်လွန်နေပြီဖြစ်တဲ့အတွက် ဒီဒေသမှာပဲ မဲပေးချင်တယ်ဆိုရင်လည်း သူတို့ဆန္ဒကိုမေးပြီးတော့ ကျနော်တို့က မဲစာရင်းထဲမှာထည့်ပေးမယ်ပေါ့၊ ပုံစံ ၃(က)နဲ့ လျှောက်ရမယ်ပေါ့နော်၊ တကယ်လို့ မိမိတို့ ရဲ့ ဒေသမဲစာရင်းမှာပဲ ကြိုတင်မဲနဲ့ ပေးပို့ချင်တယ်ဆိုရင်လည်း ဒါအကျဉ်းဦးစီးဌာနကနေပြီး ကျနော်တို့က ပုံစံ ၁၅ ဆိုပြီးပေးလိုက်တယ်၊ အခုလောလောဆယ်တော့ သူတို့တွေအားလုံးက သူတို့ရဲ့ မူလမဲစာရင်းမှာ ပါတဲ့နေရာမှာပဲ ကြိုတင်မဲပေးမယ်လို့ အကျဉ်းဦးစီးကထုတ်ပြန် ပြောလာတဲ့အတွက် အဲ့ဒါကို ပုံစံ ၁၅ နဲ့ သူတို့ပို့ပေးလိုက်ပြီလို့ သိရပါတယ်"
အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ချမှတ်ခံထားရခြင်း မရှိသေးသူတွေဟာ ကြိုတင်မဲပေးခွင့်ရှိပြီး ကော်မရှင် အဖွဲ့ဝင်တွေက ကြိုတင်မဲလက်မှတ်တွေကို သက်ဆိုင်ရာအချုပ်ခန်းနဲ့ အကျဉ်းထောင်အသီးသီးကို ပေးအပ် ရမှာဖြစ်တယ်လို့ သိရပါတယ်။ သာယာဝတီအကျဉ်းထောင်မှာ ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူ ၆ဝ နီးပါး ရှိပါတယ်။
သာယာဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်လွင်ကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။