မဲဆန္ဒရှင်အမည်စာရင်း အမှားအယွင်းတွေ တွေ့နေ

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်အတွင်း ရှေ့လမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးနိုင်မယ့် မဲဆန္ဒရှင် အမည်စာရင်း မှားယွင်းနေတာကြောင့် အန်အယ်လ်ဒီပါတီက သက်ဆိုင်ရာကို မဲစာရင်းအတည်ပြုမယ့်အချိန် တိုးပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးသိပ္ပံ သင်တန်း။ (www.nldburma.org) www.nldburma.org

မတ်လ ၄ ရက်က အန်အယ်လ်ဒီပါတီကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ကူးယူခွင့်ပေးခဲ့တဲ့ မဲဆန္ဒရှင်အမည်စာရင်းတွေကို ရပ်ကွက်ကျေးရွာတွေထဲမှာ ဆင်းပြီး အသေအချာ လိုက်လံစိစစ်ကြည့်တဲ့အခါ ကွဲလွဲမှုတွေရှိနေတာ တွေ့ရတယ်လို့ မန္တလေးတိုင်း အန်အယ်လ်ဒီ စည်းရုံးရေးတာဝန်ခံ ဦးမျိုးနိုင်က ပြောပြပါတယ်။

“တချို့လူတွေက မဲစာရင်းထဲကို မပါဘူး။ ပါနေတဲ့လူတွေက ရပ်ကွက်ထဲမှာ မနေဘဲ ကြံ့ခိုင်ရေးက နာမည်တွေဖြစ်နေတယ်။ ကျွန်တော်တို့မှာ လုပ်ရကိုင်ရ အတော်ကျပ်တယ်။ ကိုယ့်ရပ်ကွက်မှာနေတဲ့လူ အိမ်ထောင်စုဇယား ပေါက်တဲ့လူက နာမည်မပါဘူး။ အဲဒီလူတွေက ကိုယ့်ကို မဲပေးမယ့်လူတွေများတယ်။ သိသိသာသာကတော့ ကိုယ့်အဖွဲ့ဝင်တွေကတော့ ပိုသိတာပေါ့။ ရပ်ကျေးထဲမှာ ကိုယ့်စာရင်းထဲမှာ ပါမပါ မဲဆန္ဒရှင်တွေက မသိကြဘူး”

မိသားစုလိုက် မဲစာရင်းထဲမပါလို့ အန်အယ်လ်ဒီကို လာအကြောင်းကြားတာတချို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မဲစာရင်း အတည်ပြုပေးရမယ့် အချိန်ကလည်း မရှိတော့တာကြောင့် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးကို ရက်ထပ်တိုးပေးဖို့ တင်ပြထားတယ်လို့ ဦးမျိုးနိုင်က ဆက်ပြောပါတယ်။

“ဒီနေ့ဆိုရင် ၆ ရက်နေ့ နောက်ဆုံးပဲ။ မဲစာရင်းနဲ့ ပတ်သက်ပြီးတော့ အတည်ပြုချက် ပေးနိုင်ဖို့ရာဖြစ်တော့ ကျွန်တော်တို့ မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုံးကြိုင်က ကော်မရှင်ကို ၅ ရက်နေ့က အိတ်စတင်းရှင်း တောင်းထားတယ်။ သူတို့ဘက်က တိကျတဲ့အဖြေမပေးနိုင်သေးဘူး။ သိသာနေတာတော့ သေတဲ့လူတွေနဲ့ မနေတဲ့လူတွေက စာရင်းထဲမှာပေါက်နေတယ်။ မှားတတ်တာတော့ လက်ခံပါတယ်။ ဒါပေမယ့် မှားတတ်တာကို ပြုပြင်နိုင်ဖို့ အချိန်ပေးရမယ်။ ကျွန်တော်တို့ဘက်က အချိန်ရဖို့လိုတာပေါ့။ အဲလို မရရင်တော့ ဒါသက်သက် ကျွန်တော်တို့ကို အချိန်မလောက်အောင်လုပ်တယ်။ ကျွန်တော်တို့ကို အဲဒီရှေ့မှာ ကော်ပီကူးရတယ်။ တစ်စုံတစ်ခုကို ရည်ရွယ်တယ်လို့ ကျွန်တော် ပြောချင်တယ်”

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်မှာ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၅ပါတီနဲ့ တစ်သီးပုဂ္ဂလ ၃ ဦးတို့ ဝင်ပြိုင်ကြပါမယ်။ မဟာအောင်မြေမြို့နယ်မှာလိုပဲ ပြင်ဦးလွင်မြို့နယ်၊ တနင်္သာရီတိုင်း ဖျာပုံခရိုင်အတွင်းမှာလည်း အလားတူ စာရင်းမှားယွင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org