လစ်လပ် ၁၉ နေရာမှာ NLD ၉ နေရာ၊ SNLD ၆ နေရာ အနိုင်ရရှိ
လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် မနေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက် ပွဲမှာ လက်ရှိ အစိုးရဖြစ်တဲ့ NLD ပါတီက ၉ နေရာ၊ SNLD က ၆ နေရာ၊ USDP က ၂ နေရာ၊ ရခိုင် အမျိုးသားပါတီနဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) တို့က တစ်နေရာစီ အနိုင်ရရှိခဲ့ပါတယ်။
-
2017-04-02 -
-
-
လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် မနေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိ အစိုးရဖြစ်တဲ့ NLD ပါတီက ၉ နေရာ၊ SNLD က ၆ နေရာ၊ USDP က ၂ နေရာ၊ ရခိုင်အမျိုးသားပါတီနဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)တို့က တစ်နေရာစီ အနိုင်ရရှိခဲ့ပါတယ်။
လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ USDP ပါတီက မွန်ပြည်နယ် ချောင်းဆုံ မြို့နယ် ပြည်သူ့လွှတ်တော်နေရာနဲ့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် အမှတ် ၂ ပြည်နယ် လွှတ်တော်နေရာတို့မှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်နယ်လွှတ်တော်နေရာမှာ ရခိုင်အမျိုးသားပါတီ ANP က ဒေါက်တာအေးမောင်က အနိုင်ရရှိခဲ့ပြီး NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှုမရှိတဲ့ ကယားပြည်နယ် ဖရူဆိုမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှာ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) က ဦးသဲရယ် က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတုန်းက နယ်မြေမတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရှမ်းပြည်နယ်တောင် ပိုင်း ကျေးသီးမြို့နယ်နဲ့ မိုင်းရှူးမြို့နယ်တို့က လစ်လပ်နေရာအားလုံးမှာ မနေ့က ကြားဖြတ်ရွေးကောက်ပွဲ ကို အောင်မြင်အောင် ကျင်းပနိုင်ခဲ့ပြီး ကျားခေါင်းပါတီလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၆ နေရာစလုံးမှာ အနိုင်ရရှိခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်းက ပြည်သူ့လွှတ်တော် ၅နေရာ၊ ပဲခူးတိုင်း၊ ချင်းပြည်နယ် နဲ့ ရန်ကုန်တိုင်းတို့က အမျိုးသားလွှတ်တော် တစ်နေရာစီနဲ့ ရှမ်းပြည်နယ်လွှတ်တော် တစ်နေရာ အားလုံးပေါင်း ၉ နေရာမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေတဲ့ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နဲ့ ရှမ်းပြည်နယ်တို့မှာ မနေ့က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုများတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာ ပြိုင်ဘက်ပါတီတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ချောင်းဆုံ၊ အမ်း၊ ကျေးသီး၊ မိုင်းရှူး၊ ကျိုင်းတုံ စတဲ့ နယ်မြေတွေမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၂သန်းကျော်ရှိခဲ့ပေမယ့် မနေ့က ဆန္ဒမဲပေးသူ အရေအတွက် နည်းတယ်လို့ သိရပါတယ်။