ဖမ်းဆီးခံရတဲ့ စာရေးဆရာ ဝေဟင်အောင် အပါအဝင် ငါးဦးပြန်လွတ်
စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ပရဟိတသမား စာရေးဆရာ ဝေဟင်အောင် အပါအဝင် ငါးဦး ပြန်လည်လွတ်မြောက်လာပါတယ်။
-
RFA Burmese
2023-05-24 -
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ မေလ ၂၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် ဖမ်းဆီးလိုက်တဲ့ ပရဟိတသမား စာရေးဆရာ ဝေဟင်အောင် အပါအဝင် ငါးဦးဟာ မေလ ၂၄ ရက် ဒီကနေ့မနက်မှာ ပြန်လည်လွတ်မြောက်လာပြီလို့ သူတို့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
စာရေးဆရာ ဝေဟင်အောင်၊ သူ့ရဲ့သမီး၊ တပည့်ဖြစ်သူနဲ့ ရန်ကုန်မြို့ ဗိုလ်စိန် ပရဟိတအဖွဲ့က နှစ်ဦး၊ စုစုပေါင်း ငါးဦးကို ပြန်လွှတ်လိုက်တာလို့ စာရေးဆရာ ဝေဟင်အောင်ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
“သူရဲ့ သမီးနဲ့ တပည့်ကိုတော့ မနက် ၉ နာရီလောက်မှာ ပြန်လွှတ်လိုက်တယ်။ သူနဲ့ ရန်ကုန်က အဖွဲ့ကတော့ ၁၁ နာရီလောက်မှ လွတ်တာပေါ့။ အဓိကတော့ ရန်ကုန်လာတဲ့ ဗိုလ်စိန် ပရဟိတကားကို မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးတဲ့ သဘောပါ”
သူတို့ ငါးဦးဟာ မေလ ၂၃ ရက်မှာ ပုဏ္ဏားကျွန်းမြို့နယ်က မုန်တိုင်းသင့်ရွာတွေကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်ဖို့ သွားတဲ့အချိန် စစ်တွေမြို့နယ်က စစ်ကောင်စီတပ် ကျောက်တန်းစစ်ဆေးရေးဂိတ်အလွန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
စာရေးဆရာ ဝေဟင်အောင်ဟာ ရခိုင်ပြည်နယ်အတွင်းမှာ မုန်တိုင်းဖြစ်ပြီးကတည်းက ရသေ့တောင်၊ ပေါက်တော၊ စစ်တွေ စတဲ့မြို့နယ်တွေနဲ့ မုန်တိုင်းဘေးသင့်ခဲ့တဲ့ ရွာတွေကို ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။