ဝိုင်းမော်က တောင်သူတွေ စီမံကိန်းကိစ္စ စိုးရိမ်

ကချင်ပြည်နယ် အစိုးရအဖွဲ့က ဝိုင်းမော် မြို့နယ်မှာ အကောင်အထည်ဖော်ဖို့ စီစဉ်နေတဲ့ စက်မှုဇုန်စီမံကိန်းနေရာ ဟာ တောင်သူတွေရဲ့ စိုက်ပျိုးမြေဧက ငါးထောင်လောက် ပါဝင်နေတဲ့အတွက် တောင်သူတွေဘက်က သူတို့ရဲ့ စိုက်ပျိုးမြေနေရာမှာမလုပ်ဖို့ နိုင်ငံတော်သမ္မတံ စာရေးသား တင်ပြဖို့ ပြင်ဆင်နေကြပါတယ်။

ကချင်ပြည်နယ်အစိုးရရဲ့ စက်မှုဇုန်ဧရိယာထဲပါဝင်တယ်လို့ တောင်သူတွေယူဆထားတဲ့ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ မှန်ပြတောင်ခြေက လယ်မြေတချို့ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့ကတွေ့ရစဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် အစိုးရအဖွဲ့က ဝိုင်းမော်မြို့နယ်မှာ အကောင်အထည်ဖော်ဖို့ စီစဉ်နေတဲ့ စက်မှုဇုန်စီမံကိန်းနေရာ ဟာ တောင်သူတွေရဲ့ စိုက်ပျိုးမြေဧက ငါးထောင်လောက် ပါဝင်နေတဲ့အတွက် တောင်သူတွေဘက်က သူတို့ရဲ့ စိုက်ပျိုးမြေနေရာမှာမလုပ်ဖို့ နိုင်ငံတော်သမ္မတံ စာရေးသားတင်ပြဖို့  ပြင်ဆင်နေကြပါတယ်။

လက်မှတ်တွေကောက်ယူရရှိထားပြီး နိုင်ငံတော်သမ္မတထံ စာပေးပို့တောင်းဆိုဖို့ စီစဉ်နေတယ်လို့ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာက တောင်သူ ဦးအောင်ထွေး က ပြောပါတယ်။

"တောင်သူတွေကတော့ တစ်ယောက်မှ မလုပ်စေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နယ်မြေပါသွားပြီ ဆိုရင်တော့ ရာသက်ပန်၊ ကမ္ဘာတည်သ၍ ဒီငတ်မွတ်ခေါင်းပါးမှုကို သူတို့ မိသားစုတွေ ခံစားရမယ်ဆိုတာ သိရှိပြီး ကန့်ကွက်ကြတယ်။ တောင်သူတွေရဲ့ လက်မှတ်တွေလည်း ရယူထားပြီးဖြစ်တယ်။ ရွှေ့ပြောင်းပေးဖို့ အစီအစဉ်မရှိဘူးဆိုတာ ကျွန်တော်တို့ နိုင်ငံတော်သမ္မတအထိ တိုက်ရိုက်တင်ဖို့ အဲလိုဆုံးဖြတ်ချက်တော့ ချထားပြီးသား ဖြစ်ပါတယ်"

စီမံကိန်းအကောင်အထည်ဖော်ဖို့ မြေအခြေအနေကို စုံစမ်းနေတုန်းပဲ ရှိသေးတယ်လို့ ကချင်ပြည်နယ်အစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရမ် က RFA ကို ဒီကနေ့ပြောပါတယ်။

"စီမံကိန်း အကောင်အထည်ဖော်ဖို့မြေတွေ စုံစမ်ဆဲပဲရှိသေးတယ်။ မြေအခြေအနေက သူတို့ အောက်ခြေ ကို မေးမြန်းတုန်းပဲ ရှိသေးတယ်။ ထွေအုပ်တွေနဲ့ မြေစာရင်းတွေနဲ့ အဲဒါကို တိုင်းတာပြီးတော့ အဲဒီ ပြန်တင်ပြဖို့ ဆိုပြီးတော့ အဲဒါရှိတယ်။ ပြန်တင်ပြလာတဲ့ အခါကျမှ အစိုးရအဖွဲ့က အဲဒီအခါကျမှ ဆုံးဖြတ်ပေးမယ်"

တောင်သူတွေက စီမံကိန်းကို ကန့်ကွက်တာမဟုတ်ကြောင်းနဲ့ မိမိတို့ရဲ့ စိုက်ပျိုးမြေတွေမှာ မလုပ်ကိုင်စေလိုတာဖြစ် တယ်လို့ ပြောပါတယ်။

အခုစီမံကိန်းအကောင်အထည်ဖော်ဖို့ စီစဉ်နေတဲ့နေရာဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တဲ့နေရာဖြစ်ပြီး အဲဒီတုန်းကလည်း တောင်သူတွေက ကန့်ကွက်ခဲ့လို့ ရပ်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

လက်ရှိကချင်ပြည်နယ်အစိုးရက လုပ်ဆောင်မယ့် စီမံကိန်း မြေနေရာအတွက် စုံစမ်းနေတဲ့မြေတွေဟာ အရင်အစိုးရ အကောင်အထည်ဖော်ခဲ့တဲ့နရာမှာ မဟုတ်ဘူးလို့ ပြည်နယ်ဥပဒေချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေက မိုင်းနားအုပ်စု လဝမ်ကထောင်ကျေးရွာမှာ တောင်သူတွေနဲ့ တွေ့ဆုံပြီး စီမံကိန်းနဲ့ ပတ်သက်ပြီး ချပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းလုပ်ဖို့စီစဉ်နေတဲ့ မြေဧက ငါးထောင်ပေါ်မှာ ဥယျာဉ်ခြံ ၊ စပါး၊ ယာလုပ်ငန်းတွေကို အများစုလုပ် ကိုင်နေကြတာလို့ သိရပါတယ်။

စီမံကိန်းအကောင်အထည်ဖော်မယ်ဆိုပြီး သတင်းထွက်နေတဲ့ မြေနေရာဟာ  ဝိုင်းမော်မြို့နယ် မိုင်နား ၊ နောင်တာလော၊ ဟိုးလော်၊ မဒိန်၊ ဝိုင်းမော်စတဲ့ ကျေးရွာတွေက တောင်သူတွေပိုင်ဆိုင် တဲ့နေရာတွေ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org