မြန်မာနိုင်ငံ တည်ငြိမ်ရေး တခြားနိုင်ငံတွေထက် ပိုလိုလားတယ်လို့ ဝမ်ယိပြော
2024.08.21

တခြားနိုင်ငံတွေထက် တရုတ်နိုင်ငံက မြန်မာနိုင်ငံ အခြေအနေတည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေးကို ပိုလိုလားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောလိုက်တဲ့အကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာန CGTN မှာ မနေ့က ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ မြို့တော် ပေကျင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့တို့ မနေ့က တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးရရှိဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီဖို့ တရုတ်နိုင်ငံက ဆန္ဒရှိတယ်လို့လည်း ဝမ်ယိက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့အတွက်လည်း တရုတ်နိုင်ငံက အခိုင်အမာထောက်ခံတယ်လို့ ဆိုပါတယ်။
မစ္စ ဂျူလီဘစ်ရှော့ကတော့ မြန်မာ့အရေးဖြေရှင်းရာမှာ ဘုံသဘောတူညီချက်ရဖို့အတွက် တရုတ်နဲ့ရော အာဆီယံနဲ့ပါ ပူးပေါင်းလုပ်ဆောင်လိုတယ်လို့ ပြောခဲ့ပါတယ်။
မစ္စ ဂျူလီဘစ်ရှော့ဟာ အာဆီယံနိုင်ငံတွေကို ခရီးထွက်နေတာဖြစ်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆင်ညမ်ဖုန်နဲ့ ဘန်ကောက်မြို့မှာ ဇူလိုင် ၅ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဒီနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လာအိုနိုင်ငံ၊ နောက်နှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမယ့် မလေးရှားနိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပါတယ်။