ရန်ကုန်မှာ ကူးစက်မှုများပေမယ့် အလွန်အကျွံ မစိုးရိမ်ဖို့ နိုင်ငံရေးသမားတချို့ သတိပေး

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၈ ဦးကို တွေ့ရှိထားပြီး ရန်ကုန်မြို့အတွင်းမှာတင် ရောဂါပိုး ကူးစက်ခံထားရသူ ၁၈ ဦး ရှိလာလို့ ဗိုင်းရပ်စ် ပျံ့နှံ့မှုတွေ များလာမှာကို ရန်ကုန်မြို့နေ ပြည်သူတွေ စိုးရိမ်နေကြပါတယ်။

ရန်ကုန်မြို့ Hlaing Facilities Quarrantine Center က စောင့်ကြည့်ခံ ၃၃၄ ဦးမှာ ၁၄၁ ဦး ၂ဝ၂ဝ၊ ဧပြီ ၉ ရက်နေ့က နေရပ်ကိုပြန်ကြစဉ် ဓာတ်ပုံ - ကျော်ဇင်သန်း/ RFA

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၈ ဦးကို တွေ့ရှိထားပြီး ရန်ကုန်မြို့အတွင်းမှာတင် ရောဂါပိုး ကူးစက်ခံထားရသူ ၁၈ ဦး ရှိလာလို့ ဗိုင်းရပ်စ် ပျံ့နှံ့မှုတွေ များလာမှာကို ရန်ကုန်မြို့နေ ပြည်သူတွေ စိုးရိမ်နေကြပါတယ်။ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူများကတော့ အစိုးရိမ်မလွန်ဖို့ သတိပေးနေကြပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့ ညပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၈ ဦး ရှိလာပြီဖြစ်ပါတယ်။

အဲဒီထဲက ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈ ဦးဟာ ရန်ကုန်မြို့ကဖြစ်ပြီး နိုင်ငံခြားခရီးသွားခဲ့တာမရှိဘဲ ဒေသတွင်း ကူးစက်ခံရသူတွေရှိလာတာကြောင့် ရန်ကုန်မြို့နေ ပြည်သူတွေက ကူးစက်ပျံ့နှံ့မှု သိသိသာသာ တိုးလာမှာကို စိုးရိမ်နေကြတာပါ။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တစ်မြို့နယ်ထဲမှာပဲ ပိုးတွေ့ရှိသူ လေးဦးအထိ ရှိနေပေမယ့် ပြည်သူတွေ စိုးရိမ်မှုမလွန်ကဲဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်တွေ တစ်သွေမတိမ်းလိုက်နာဖို့ လိုအပ်တယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က RFA ကိုပြောပါတယ်။

“ဗဟန်းမြို့နယ်တွင်းမှာ လေးယောက်လောက် ပေါ်လာပြီဆိုတော့ စိုးရိမ်ဖြစ်တာ ဓမ္မတာပါပဲ။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာကတော့ စိုးရိမ်စိတ် သိပ်ပြီးမလွန်ကဲဖို့ လိုအပ်ပါတယ်။ ကိုယ့်အိမ်မှာ ကိုယ်နေမယ်ဆိုရင် ရောဂါကူးစက်မှုကို ကိုယ်တိုင် ကာကွယ်ပြီးသားဖြစ်သလို မိသားစုကိုလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် ဗဟန်းမြို့နယ်က ပြည်သူတွေတင်မကပါဘူး မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူအားလုံးက အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို တစ်သွေမတိမ်းလိုက်နာဖို့ လိုအပ်ပါတယ်။"

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူနာ နံပါတ် ၈ နဲ့ နံပါတ် ၂၈ ဟာ မိသားစုဝင်တွေဖြစ်ပြီး ဗဟန်းမြို့နယ်မှာ နေထိုင်တာပါ။  လူနာ နံပါတ် ၁၅ နဲ့ နံပါတ် ၂၅ တို့လည်း ဗဟန်းမြို့နယ်မှာ နေထိုင်တာ ဖြစ်ပါတယ်။ တခြားမြို့နယ်တွေဖြစ်တဲ့ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ အင်းစိန်၊ လှိုင်သာယာ စတဲ့မြို့နယ်တွေမှာ ပိုးတွေ့ရှိအတည်ပြုလူနာ တစ်ဦးစီရှိပါတယ်။

ပြည်သူ့တွေအနေနဲ့ တဖြေးဖြေး စိုးရိမ်စိတ်တွေရှိလာသလို စိုးရိမ်မှုလွန်ကဲပြီး တခြား လူမှုရေးပြဿနာတွေ ဖြစ်လာမှာကိုလည်း စိတ်ပူမိတယ်လို့ ရန်ကုန်အခြေစိုက် အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့ ဒါရိုက်တာ မသက်သက်အောင်က ပြောပါတယ်။

“တဖြေးဖြေးနဲ့ စိုးရိမ်စိတ်တွေကတော့ ကျွန်မတို့ ပြည်သူလူထုတွေမှာ အများကြီးရှိတယ်။ ဒါပေမဲ့ စိုးရိမ်မှုက အရမ်း တစ်ဘက်စွန်းရောက်သွားအခါကျရင် တခြား လူမှုရေးပြဿနာတွေ ဖြစ်လာနိုင်တာကိုလည်း မြင်ရတယ်။ စိတ်ထွက်ပေါက်တွေ နောက်ပြီး အိမ်တွင်းမှာနေရတဲ့ အိမ်တွင်းအကြမ်းဖက်မှုနှုန်းတွေကလည်း မြင့်တက်လာမလားဆိုတာ စိတ်ပူစရာတွေ ဖြစ်တယ်။"

ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဒေါက်တာ ဥက္ကာကြည်ဝင်းကတော့ လတ်တလော ပိုးတွေ့တဲ့ လူနာပမာဏကို သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ပေမယ့် ရန်ကုန်မြို့ဟာ လူဦးရေထူထပ်တာကြောင့် ဒီထက်ပိုများလာမယ်ဆိုရင်တော့ စိုးရိမ်စရာ အခြေအနေရှိတယ်လို့ ပြောပါတယ်။

“တကယ်တမ်းပြောရရင်တော့ စိုးရိမ်တယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ အရင်က Positive တွေ့တဲ့နှုန်းက သိပ်မများသေးဘူး။ အခုနောက်ပိုင်းမှာ တဖြေးဖြေးနဲ့ များလာတယ်ပေါ့နော်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ရန်ကုန်မြို့မှာ နေတဲ့သူ။ ရန်ကုန်က လူဦးရေ ထူထပ်တာပေါ့နော်။ အလတ်တလော ပိုးတွေ့ရှိတဲ့ လူနာပမာဏနဲ့ ဆိုရင်တော့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မယ်။ ဒီထက်ပိုပြီးများလာမယ်ဆိုရင်တော့ စိုးရိမ်စရာရှိပါတယ်”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လာမယ့် တစ်ပတ် နှစ်ပတ်အတွင်း ရောဂါပိုးတွေ့ရှိသူ ပိုများလာဖို့ရှိပြီး အလွန်အကျွံမစိုးရိမ်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့ ရှမ်းပြည်နယ် ပြည်သူတွေကို အွန်လိုင်းကနေ ဆွေးနွေးရာမှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီလ ၁၀ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၂၈ ဦးရှိပြီး ရန်ကုန်မြို့က ၁၈ ဦး၊ ချင်းပြည်နယ်က ၂ ဦး၊ မန္တလေးမြို့မှာ ၁ ဦး၊ နေပြည်တော်မှာ ၁ ဦး၊ လားရှိုးမှာ ၁ ဦးနဲ့ မွန်ပြည်နယ် ကျိုက်မရောမှာ ၁ ဦးတို့ ဖြစ်ပါတယ်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃ ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၂ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အစိုးရက ဧပြီလ ၉ ရက်နေကနေ ၁၉ ရက်နေ့အထိ ကျန်းမာရေးကိစ္စနဲ့ အစားအသောက် ထွက်ဝယ်တာကလွဲလို့ အပြင်မထွက်ကြဖို့ ဒေသန္တရ အမိန့်ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org