ပင်းတယမြို့နယ်က ကျေးရွာ ၃ ရွာမှာ သောက်သုံးရေခက်ခဲ

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်နဲ့ ကလောမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၃ ရွာက အိမ်ခြေ ၃ဝဝ လောက်မှာ ရေရှားပါးပြတ်လပ်သွားတာကြောင့် အရပ်ဘက် လူမှုအထောက်အကူပြု အဖွဲ့အစည်းတွေက သောက်ရေသုံးရေးအတွက် အကူညီပေးနေရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက ရေရှားပါးနေတဲ့ ကျေးရွာကို တွေ့ရစဉ် Photo: Phoe Taungyoe Sel Kaung - facebook

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်နဲ့ ကလောမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၃ ရွာက အိမ်ခြေ ၃ဝဝ လောက်မှာ ရေရှားပါးပြတ်လပ်သွားတာကြောင့် အရပ်ဘက် လူမှုအထောက်အကူပြု အဖွဲ့အစည်းတွေက သောက်ရေသုံးရေးအတွက် အကူညီပေးနေရပါတယ်။

သောက်သုံးရေ ပြတ်တောက်သွားပြီး ရွာသူရွာသားတွေဟာ ကျွဲ၊ နွားတွေသုံးတဲ့ရေတွေကို သုံးနေရတာကြောင့် လူမှုရေးအဖွဲ့တွေက ကူညီပေးနေရတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း လူငယ်အထောက်အကူပြု အဖွဲ့ခေါင်းဆောင် ဦးအောင်ဆန်းက ပြောပါတယ်။

"အခြေအနေကတော့ အဲဒီဒေသမှာ မိုးလည်းမရွာဘူးပေါ့နော်။ မိုးမရွာတော့ ကျနော်တို့ တောက်လျှောက် လူငယ်အဖွဲ့ခွဲတွေနဲ့ ကူညီနေရတယ်။ လောလောဆယ် ရွာတွေမှာရှိတဲ့ရေကတော့ လုံးဝပြတ်တောက်သွားတဲ့ အနေထားဖြစ်သွားတယ်။ ကျနော်တို့ ကျွဲနွားတွေ သုံးနေတဲ့ရေအိုင်ကို သုံးရတဲ့အခြေအနေ ဖြစ်သွားတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့က ဒီဟာကို မသုံးဘဲနဲ့ လတ်တလောသောက်ရေရဖို့ ကိစ္စကို ဝိုင်းပြီးတော့ လှုပ်ရှားပေးနေပါတယ်ခင်ဗျ။ နောက်ဆက်တွဲ ရေခမ်းခြောက်မှုပြဿနာက ဒီထက်ပိုဆိုးဝါးလာနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျန်တဲ့ရွာတွေမှာလည်း ရေခမ်းခြောက်စပြုနေပြီပေါ့နော်"

ပင်းတယမြို့နယ် ကူးကော်ကျေးရွာအုပ်စု ကျောက်ကျားရွာ၊ သစ်ယားပင်ဒေသ မိုးကောင်းတောင်ရွာနဲ့ ကလောမြို့နယ် ဘော်ဆိုင်းအုပ်စု ခမ်းပါမူး ကျေးရွာတွေမှာ ရေပြတ်လပ်နေတာဖြစ်ပါတယ်။

အဲဒီလို ရေရှားပါးနေတဲ့ ကျေးရွာတွေကို ဟဲဟိုးမြို့ကနေ ကားနဲ့ ရေတွေသယ်ပို့ပေးနေရတာဖြစ်ပြီး ပင်းတယမြို့ မှာရှိတဲ့ လူမှုအဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လကစလို့ ကူညီပေးနေတာဖြစ်တယ်လို့ ဦးဆောင်ဆန်းက ပြောပါတယ်။

အခုဆိုရင် တခြားကျေးရွာ ၂ဝ ကျော်လောက်မှာလည်း ရေတွေပြတ်လပ်စပြုနေပြီဖြစ်ပြီး မိုးတွင်းမှာ မြေသားရေ ကန်နဲ့ မိုးရေခံထားတာဖြစ်တဲ့အတွက် နွေရာသီမှာ ရေတွေခမ်းခြောက်ကုန်တာလို့ ပြောပါတယ်။

ရေရှားပါးပြတ်လပ်နေတဲ့ ရွာတွေကို ရှမ်းတောင်ပိုင်း လူငယ်အထောက်အကူပြုအဖွဲ့၊ ဓနုလူငယ်ဖွံ့ဖြိုးရေး အဖွဲ့တွေကနေ ကူညီပေးနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org