ဝေါမြို့နယ်မှာ လက်နက်ကြီးကြောင့် ဒေသခံ လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ

ဝေါမြို့နယ် တနော်ကျွန်းရွာ လှေဆိပ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ခရီးသွားပြည်သူ လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ပါတယ်။

ဝေါမြို့နယ် တနော်ကျွန်းရွာတွင် လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရသူများအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ဆေးရုံသို့သယ်ဆောင်စဉ်။ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ပဲခူးတိုင်း၊ ဝေါမြို့နယ် တနော်ကျွန်းရွာ လှေဆိပ်မှာ နိုဝင်ဘာ ၇ ရက် မနေ့နေ့လယ်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ခရီးသွားပြည်သူ လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၆၇ နှစ်အရွယ် ဦးကျော်မြင့်၊ အသက် ၃၅ နှစ်အရွယ် ကိုအောင်ဆန်းဦး၊ အသက် ၃၀ အရွယ် ကိုအောင်ကိုနဲ့ အသက် ၃၃ နှစ်အရွယ် ကိုကျော်လင်းထွန်းတို့ သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားငါးဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကတော့ ပဲခူးမြို့ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပွဲချင်းပြီး နှစ်ယောက်သေတယ်။ နှစ်ယောက်က ကားပေါ်မှာသွားရင်းနဲ့ လမ်းမှာဆုံးပါးသွားတာပေါ့။ ကျန်တဲ့သူတွေကတော့ ဆေးရုံမှာ ဓာတ်မှန်ရိုက်ပြီးတော့ လက်နက်အစတွေ ခွဲစိတ်ကုသမှု လုပ်နေတယ်လို့ သိရပါတယ်”

သေဆုံးသူတွေထဲက ဦးကျော်မြင့်ဆိုသူဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီကတော့ တနော်ကျွန်းရွာမှာ ဒေသခံတွေ သေဆုံးမှုဟာ PDF တွေက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာလို့ နိုဝင်ဘာ ၈ ရက်ဒီနေ့ မြန်မာ့အလင်းသတင်းစာကနေ သတင်းထုတ်ပြန်ပါတယ်။

ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ဒီလက်နက်ကြီးကို စစ်တောင်းမြစ် တစ်ဖက်ကမ်းက မွန်ပြည်နယ်၊ သိမ်ဖြူဇရပ်မြို့အခြေစိုက် စစ်ကောင်စီ အမြောက်တပ် (၃၁၀) ကနေ လှမ်းပစ်တာလို့ တုံ့ပြန်ပါတယ်။

ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

နိုဝင်ဘာ ၄ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ဖြူးမြို့နယ်က ရွာတစ်ရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သေဆုံးခဲ့တဲ့ အရပ်သား ၄၁၇၅ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org