ရေးမြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေး တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ရေးမြို့နယ်၊ အာယုတောင်ရွာနဲ့ ကွမ်ဒူးရွာထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခမရ - ၅၈၈ နှင့် ခလရ - ၁၀၆ တပ်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က ဒေါနစစ်ကြောင်းပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့စဉ်။ Video Screenshot - Daw Na Column

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ရွာနဲ့ ကွမ်ဒူးရွာထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

အာယုတောင်ရွာအနီး အခြေစိုက်ထားတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၃၄၃ နဲ့ မော့ကနင်ရွာ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ - ၁၀၆ တပ်ကနေ ဇန်နဝါရီလ ၂၂ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကျည်ထိမှန်ပြီး အာယုတောင်ရွာက အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ဦးသေဆုံးခဲ့သလို ကွမ်ဒူးရွာက အသက် ဆယ်နှစ်အရွယ် မိန်းကလေးနဲ့ အသက်လေးဆယ် (၄၀) အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။

အသက် ၁၄ နှစ်အရွယ် မိန်းကလေးဟာ လက်နက်ကြီး ထိမှန်တဲ့ဒဏ်ရာကို ဆေးကုသမှုခံယူခဲ့ပေမယ့် ဇန်နဝါရီလ ၂၃ ရက်မှာ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အာယုတောင်ရွာ လမ်းဝက တစ်ယောက်ပဲ။ ကလေးက အသက် ၁၄ နှစ်၊ ဆုံးသွားတယ် မနေ့ကပဲ။ တစ်ခါတည်း မီးသင်္ဂြိုဟ်လိုက်တယ်။ ထိခိုက်ဒဏ်ရာရလို့ ဆေးကုနေတုန်းပဲ ဆုံးသွားတာ”

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ မွန်ပြည်နယ် ပြောခွင့်ရသူ ဒေါက်တာ အောင်မြတ်ကျော်စိန် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မော့ကနင်ကျေးရွာအနီးက စစ်ကောင်စီ လက်အောက်ခံ ကြိုးတံတား ဂိတ်စခန်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပူးပေါင်းတပ်တွေ ဇန်နဝါရီလ ၂၀ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၂၅၄ ဦး သေဆုံးပြီး၊ ၂၃၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org