ပခုက္ကူမှာ လက်နက်ကြီးထိလို့ ကလေး တစ်ဦး အပါအဝင် မိသားစုဝင် သုံးဦး သေဆုံး

ပခုက္ကူမြို့နယ်၊ ရေနံချက်ရွာကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေး တစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ထွက်ပြေးရသည့် ပခုက္ကူမြို့နယ်၊ မြစ်ခြေ - ကျွန်းချောင်းဒေသခံများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ မြစ်ခြေ - ကျွန်းချောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေနံချက်ရွာကို ဇန်နဝါရီ ၂၄ ရက် နေ့လယ် ၁၁ နာရီခန့်မှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တစ်မိသားစုတည်းကနေ ကလေး တစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၆၇ နှစ်အရွယ် ဦးတင်ဝမ်း၊ ဇနီးဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဒေါ်ကုလားမနဲ့ မြေးဖြစ်သူ အသက် ခုနစ်နှစ်အရွယ် မောင်ပြည့်ဖြိုးအောင်တို့ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ရနောင်ရွာအနီးကနေ လေးမိုင်ခန့်ဝေးတဲ့ ရေနံချက်ရွာကို လက်နက်ကြီးနဲ့ လေးချက်ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေနံချက်ရွာသားတစ်ဦးက ပြောပါတယ်။

"တော်တော် ဆိုးပါတယ်။ ကျွန်တော်တို့ အခုထက်ထိကို စိတ်မကောင်းဖြစ်နေတာပါ။ မြစ်ကမ်းမှာ ဘွားအေတွေနဲ့ မြေးတွေ ရေချိုးနေတာ။ သူတို့ပစ်တာ ရွာလယ်ကိုပစ်တာ၊ ရွာလယ်ခေါင်ကို မရောက်ဘဲနဲ့ ကမ်းနားကိုကျပြီး ထိကုန်တာ"

နောက်ထပ် ကလေးတစ်ဦးလည်း အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။ သေဆုံးသူတွေကိုတော့ မနေ့က ညတွင်းချင်း သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ကြောင့် ရွာသားအားလုံး စိုးရိမ်ပူပန်ပြီး အများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဒီဇင်ဘာ ၂၁ ရက်နေ့က ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ စစ်ရေး၊ လုံခြုံရေးကိစ္စတွေကို မသိရှိလို့ ထုတ်ပြန်လေ့မရှိဘဲ ပြည်ထောင်စုအဆင့်ကသာ ထုတ်ပြန်တယ်လို့ ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၂၅၄ ဦး သေဆုံးပြီး၊ ၂၃၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org