ဖြူးမြို့နယ် လေးအိမ်စုရွာမှာ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဖြူးမြို့နယ်မှာ နိုဝင်ဘာလ ၄ ရက်က လက်နက်ကြီးကျရောက်တာကြောင့် အသက်ခုနစ်နှစ်အရွယ် မနွေးနွေးအောင် သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် မအေးအေးအောင်နဲ့ အသက် ၅၁ နှစ်အရွယ် ဒေါ်လွင်မော်တို့ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဖြူးမြို့နယ် လေးအိမ်စုရွာအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူတစ်ဦးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ပဲခူးတိုင်း၊ ဖြူးမြို့နယ် လေးအိမ်စုရွာမှာ နိုဝင်ဘာလ ၄ ရက် မနက် အစောပိုင်းက လက်နက်ကြီး ကျရောက် ပေါက်ကွဲတာကြောင့် အသက်ခုနစ်နှစ်အရွယ် မနွေးနွေးအောင် သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် မအေးအေးအောင်နဲ့ အသက် ၅၁ နှစ်အရွယ် ဒေါ်လွင်မော်တို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၄ ရက် မနက် လေးနာရီခွဲအချိန်မှာ သူတို့နေထိုင်ရာ အိမ်ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် မနွေးနွေးအောင်က နေရာမှာတင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မအေးအေးအောင်ကတော့ ဝမ်းဗိုက်ထိခိုက်ဒဏ်ရာပြင်းထန်လို့ ခွဲစိတ်မှုလုပ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက်အစောပိုင်းမှာ သူတို့နေတဲ့အိမ်ထဲ လက်နက်ကြီးကျတာ။ အသက်ရှင်ကျန်တဲ့ မိခင်နဲ့ ကလေးမလေး တစ်ယောက်ကတော့ ဖြူးဆေးရုံမှာ ဆေးကုသမှုခံနေတယ်။ ဝမ်းဗိုက်ထိသွားတော့ ခွဲစိတ်မှုကို ဒီနေ့လုပ်နေ ပါတယ်”

အဲဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် စစ်ကောင်စီ တပ်သားတွေက လေးအိမ်စုရွာကို သွားလာခွင့်ကန့်သတ်ထားပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည်ကို ဘယ်အဖွဲ့ကပစ်တာလဲဆိုတာတော့ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက လေးအိမ်စုရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အထူးကွန်မန်ဒိုတပ်ရင်း - တောင်ပိုင်းတိုင်း၊ ဖြူးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦး ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သေဆုံးခဲ့တဲ့ အရပ်သား ၄၁၆၉ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org