ကယားမှာ လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် သုံးဦး ထပ်မံသေဆုံး

စစ်ကောင်စီလေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကယားပြည်နယ်မှာ ကလေးငယ် ငါးဦးအပါအဝင် အရပ်သား ၂၂ ဦးသေဆုံးခဲ့ပါတယ်။

လွိုင်ကော်မြို့နယ်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ KnHRG

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း ဒေါတဟေးကျေးရွာ အတွင်းကို နိုဝင်ဘာလ ၁၅ ရက် နေ့လယ် ၁၂ နာရီအချိန်က စစ်ကောင်စီတပ်စခန်းက ပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၁၇ နှစ်အရွယ် စစ်ဘေးဒုက္ခသည် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့က နိုဝင်ဘာလ ၁၅ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

အဲဒီနေ့မှာပဲ လွိုင်ကော် မိုင်းလုံရပ်ကွက်အတွင်းကိုလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် သားအမိနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

ကယားပြည်နယ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေ တစ်လေးလုံး စစ်ဆင်ရေးကိုဆင်နွှဲနေပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာပါ။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ လေကြောင်းတွေကို အသုံးပြုပြီး ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့ပါ တယ်။

စစ်ဆင်ရေးကာလ စတင်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ လွိုင်ကော်မြို့အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်သုံးဦး အပါအဝင် ၁၉ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကယားပြည်နယ်မှာ ကလေးငယ် ငါးဦးအပါအဝင် အရပ်သား ၂၂ ဦးသေဆုံးခဲ့တာကို တွေ့ရပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

ဘုန်းတော်ကြီးတစ်ပါး၊ အမျိုးသမီးလေးဦး၊ အမျိုးသား ၁၁ ဦးလည်း စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံထားရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

ကယားပြည်နယ်အတွင်း အရပ်သားတွေ ဖမ်းဆီးခံရမှုအခြေအနေ၊ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးရတယ်ဆိုတဲ့ ပြောဆိုမှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ ဥက္ကဋ္ဌ ခွန်ဘီထူးကတော့ ကယားပြည်နယ်ရဲ့ မြို့ တော် လွိုင်ကော် မြို့သိမ်းတိုက်ပွဲကို စတင်မှာဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ ဘေးလွတ်ရာကို ပြောင်းရွှေ့ထားကြဖို့ အခုလ ၁၃ ရက်နေ့က သတိပေးပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org