လီဒိုလမ်းပေါ်မှာ တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းပေါ်က ဒွန်ဘုန်းခရွာအနီးမှာ ဒီကနေ့ မနက်အစောပိုင်းက တပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲဖြစ်ခဲ့ရာမှာ ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် ဒွန်ဘုန်းခ ရွာသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဖားကန့်မြို့နယ် ဒွန်ဘုန်းခရွာမှာ လက်နက်ကြီးကျည်ထိမှန်ခံရတဲ့ လင်မယားနှစ်ယောက်ကို ၂၀၁၈ ခုနှစ် ဧပြီ ၁၃ ရက်နေ့ကတွေ့ရစဉ် Photo: Ko Win Bo Namti Facebook

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းပေါ်က ဒွန်ဘုန်းခရွာအနီးမှာ ဒီကနေ့ မနက်အစောပိုင်းက တပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲဖြစ်ခဲ့ရာမှာ ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် ဒွန်ဘုန်းခ ရွာသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

လက်နက်ကြီးကျည်ထိမှန်လို့ ခင်ပွန်းဖြစ်သူ သေဆုံးခဲ့ပြီး၊ ဇနီးဖြစ်သူကိုတော့ နမ္မတီးဆေးရုံကနေတဆင့် မြစ်ကြီး နားဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ အဲဒီနေရာကို ကိုယ်တိုင်ရောက်ရှိခဲ့တဲ့ နမ္မတီးမြို့ ကုသိုလ်ဖြစ်လူမှု ကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးဝင်းဘို က ပြောပါတယ်။

"သူတို့လည်း လက်နက်သံတွေ ဘာတွေကြားတဲ့အခါကျတော့ တံခါးထဖွင့်ပြီး အိမ်ပေါ်ကဆင်းခါနီးမှာပဲ အိမ်နဲ့ ပေ ၂၀ လောက်ကွာတဲ့နေရာမှာ လက်နက်ကြီး ၁ လုံးကျပြီးမှကွဲတယ်။ ကွဲလဲကွဲ ထိလည်းထိ။ လင်မယား ၂ ယောက်စလုံးထိတယ်။ ဇော်မင်းဦး ကတော့ အဲဒီမှာ ပွဲချင်းပြီးနီးပါးပေါ့လေ။ ဒီ ညာ ဘက်သွေးကြောမှာ ပေါက်ထွက်ပြီးတော့ သေတယ်။ အမျိုးသမီးက ညာဘက် တင်ပါးမှာ ထိတယ်။ မသေဘူး။"

သားနဲ့ သမီး ၂ ယောက်ရှိတဲ့ အဲဒီအိမ်ထောင်စုမှာ ဖခင် ဦးဇော်မင်းဦးက သေဆုံးပြီး၊ မိခင် ဒေါ်ထုဆန် က ဆေးရုံတက်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ အိုင်လေးတူ ရွာအနီးမှာ တပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေ အကြား ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်ကစပြီး မနေ့ကအထိ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အင်းတော်ကြီးတဝိုက် တိုက်ပွဲအတွင်းပျောက်ဆုံးနေတဲ့ အိုင်လေးတူ၊ မပြင်၊ နန့်မွန်း စတဲ့ရွာတွေက တိုင်းလိုင် ( ရှမ်းနီ ) ရွာသားတချို့ ပျောက်ဆုံးနေပြီး ဒီကနေ့အထိ သူတို့ရွာတွေကို ပြန်မရောက်လာသေးဘူးလို့ ဒေသခံတွေ က ပြောပါတယ်။

ဆွမ်ပရာဘွမ်၊ တနိုင်း၊ မံစီ၊ ဖားကန့်၊ အင်းတော်ကြီး စတဲ့ ဒေသတွေဘက်မှာ တပ်မတော်နဲ့ ကေအိုင်အေတို့ဟာ အခုနှစ်ဆန်းပိုင်းကစလို့ လက်ရှိအချိန်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်နေတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org