ရွှေကျင်မှာ လက်နက်ကြီးကြောင့် နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

ရွှေကျင်မြို့နယ် ထမင်းရုံနဲ့ ကဇင်းပင်ရွာမှာ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သား နှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ KNU Photo

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ထမင်းရုံနဲ့ ကဇင်းပင်ရွာမှာ ဇွန်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သား နှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီရွာနှစ်ရွာကို ညောင်လေးပင်းမြို့နယ် ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ - ၂၆၄ နဲ့ ရွှေကျင်ဗျူဟာကနေ ၁၂၀ မမနဲ့ ၁၅၅ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ထမင်းရုံရွာက အသက် ၃၄ နှစ်အရွယ် နော်သူဇာခိုင်နဲ့ ကဇင်းပင်ရွာက အသက် ၄၉ နှစ်အရွယ် ဦးဘိုရဲတို့ သေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။

စစ်ကောင်စီတပ်က ရွှေကျင်နဲ့ ညောင်လေးပင်မြို့နယ်ထဲက KNU ထိန်းချုပ်နယ်မြေထဲကို နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကျင်မြို့နယ်၊ အင်းဗလာရွာ ကဒေသခံတစ်ဦးကတော့ ဇွန်လ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးကျည်က စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းယာယီ ပိတ်လိုက်ရတယ်လို့ RFA ကို ပြောပါတယ်။

“စစ်တပ်ဘက်နေ့တိုင်း လက်နက်ကြီးနဲ့ပစ်တာ။ အခုလည်း ဒီမနက် လက်နက်ကြီးက စာသင်ကျောင်းနားကျလို့ ကျောင်းပိတ်လိုက်ရတယ်။ ထမင်းရုံရွာနဲ့က ကျွန်တော်တို့ သိပ်မဝေးဘူး၊ ဘုရားကြီးဘက်ကလည်း မကြာခဏပစ်တယ်”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org